(004SS)
ပြည်တွင်းလေယာဉ်လက်မှတ်စေ◌ျးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း ကလေးမြို့တွင် လေယာဉ်ဖြင့် ခရီးသွားလာသူများပြားကာ လေယာဉ်လက်မှတ်များ ဝယ်ယူရန်ပင် ခက်ခဲနေကြောင်း သိရသည်။
“ အခုလေယာဉ်လက်မှတ်ဈေးထပ်တက်တယ်၊ဒါပေမဲ့ ကြိုတင်ဝယ်ယူသူများလို့ ဒီလအတွက်ေတာင် မရတော့ဘူး နောက်လ နိုဝင်ဘာ ၂၄ ရက်နေ့အတွက် ၂ ခုံပဲ ကျန်တော့တယ်” ဟု ကေလးမြို့ လေယာဉ်လက်မှတ် အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။
ယေန့ အောက်တိုဘာလ ၁၆ ရက်နေ့မှ စ၍ ကလေး- ရန်ကုန် လေယာဉ်လက်မှတ်စေ◌ျးနှုန်းမှာ ကျပ် ၂၉၀၀၀၀ မှ ၃၂၀၀၀၀ ကျပ်၊ ရန်ကုန်- ကလေး မှာ ကျပ် ၂၂၇၀၀၀ မှ ၂၅၅၀၀၀ ကျပ် စသည်ဖြင့် ကျပ် ၃၀၀၀၀ ဝန်းကျင် မြင့်တက်သွားခြင်းဖြစ်သည်။
လက်ရှိတွင် ကလေးမြို့မှာ မြန်မာ့လေကြောင်းလိုင်းတစ်ခုသာ ပြေးဆွဲနေကြောင်း သိရသည်။
ကလေးမြို့မှ ရန်ကုန်အပါအဝင် ပြည်မဘက်သို့ဆက်သွယ်သော ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းများ ပျက်ဆီးခြင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပိတ်ဆို့ခြင်းများနှင့် အစစ်အဆေးများခြင်းတို့ကြောင့် ဒေသခံပြည်သူများသည် စျေးကြီးသော်လည်း အချိန်ကုန်သက်သာသော လေကြောင်းလိုင်းဖြင့်သာ သွားလာသူ များပြားနေသည်ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောသည်။
“ခရီးကတော့ တော်တော်သွားကြတယ်။ အခု ကလေးမြို့မှာ ဆို လေယာဉ်လက်မှတ် လိုချင်တဲ့ချိန်ဖြတ်လို့မရဘူး။ အရင်ကလို တစ်ပါတ်မပြောနဲ့ အခုက တစ်လကြိုတင်ဖြတ်မှ ကိုယ်သွားလိုရာ ရောက်မဲ့သဘောရှိတယ်။ ကုန်းလမ်း ကလဲ သွားလို့ အဆင်မပြေဘူး၊ လမ်းပျက်တာရယ်၊ အစစ်အဆေးများတာရယ်၊ ပြီးတော့ အခုက ကလေးမြို့ကနေ ပြည်မဘက်သွားချင်ရင် ဟို ကွေ့ပါတ်ပြီး သွားရတော့ အချိန်လဲ ကြာတယ်လေနော်။ ဆိုတော့ ခရီးသွားဖို့ အခက်အခဲ တော့ အများကြီးပေါ့” ဟု ၎င်းကပြောသည်။
ယခုလက်ရှိ ကလေးမြို့မှ ပြည်မသို့သွားရာ လမ်းမကြီးများသည် ကလေး-ဂန်ဂေါလမ်း၊ မဟာမြိုင်လမ်းကြောင်းတို့သည် တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းပိတ်ခြင်း၊ မိုးရာသီအတွင်း လမ်းများပျက်ဆီးကာ ယာဉ်များပိတ်ဆို့နေခြင်းကြောင့် ကလေး- ဟားခါး- ဂန်ဂေါ လမ်းကြောင်းမှတဆင့် ပြည်မဘက်သို့ ကွေ့ပါတ်ကာ သွားလာနေကြရပြီး မော်တော်ယာဉ်လက်မှတ်စေ◌ျးနှုန်းမှာလည်း တစ်ဦးလျှင် ကျပ် ၁၇၀၀၀၀ ဖြင့် ၂ ညအိပ် ၃ ရက် ခရီးသွားလာနေရသည်ဟု ကလေးမြို့ အဝေးပြေးကားဂိတ်များထံမှ သိရသည်။