(006SV)
ချင်းပြည်နယ်၊ တီးတိန်းမြို့နယ်၊ သိုင်းငင်းစခန်းသိမ်းတိုက်ပွဲအတွင်း ဒဏ်ရာ အပြင်းအထန်ရရှိသည့် ရဲဘော် အများအပြားအတွက် ဆေးဝါးကုသမှု ခံယူရရှိနိုင်ရန် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း CDF CDM-Siyin က ထုတ်ပြန်သည်။
ဇန်နဝါရီလလယ်ပိုင်းက ငါးရက်ကြာမြင့်သည့် သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ နီးပါး ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ CDF CDM-Siyin မှ ရဲဘော်အများအပြား ပါဝင်နေသည်ဟု CDF CDM-Siyin စစ်ဦးစီးချုပ်က ပြောသည်။
“ကျနော့ရဲဘော် ၂ ဦးက ညာဘက်ဒူးကနေ ပြတ်သွားတယ်။ နင်းမိုင်း နင်းမိလို့ပါ။ သူတို့ ခြေတုတွေဝယ်ဖို့ လိုတယ်။ အခုလည်း လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးရုံတက်နေရတယ်။ ပြီးတော့ ဌာနချုပ်မှာလည်း ရဲဘော် ၃ ဦးလောက် ရှိသေးတယ်။ ဒဏ်ရာပြင်းထန်တဲ့ ရဲဘော်တွေပေါ့နော်” ဟု CDF CDM-Siyin မှ စစ်ဦးစီးချုပ်က ပြောသည်။
CDF CDM-Siyin မှ ရဲဘော် (၂) ဦးသည် နင်းမိုင်းကြောင့် ညာဘက်ဒူးအောက်ပိုင်းမှ ပြတ်သွားပြီး ၎င်းတို့အတွက် ခြေတုများ တပ်ဆင်ပေးနိုင်ရန် အကူအညီ လိုအပ်နေသည်ဟု သိရသည်။
လွတ်မြောက်နယ်မြေတစ်နေရာတွင် နောက်ထပ် ရဲဘော် (၃) ဦးလည်း ဆေးဝါးကုသနေရပြီး ယင်းအထဲမှ တပ်ရင်းမှူးတစ်ဦးသည် ခြေထောက်နှစ်ဖက်စလုံး ဒူးအောက်မှ ကျည်ဆံထိမှန်သွား၍ တစ်ဖက်မှာ အရိုးကြေမွသွားသောကြောင့် သံမဏိ (steel) ထည့်ကာ ခွဲစိတ်ကုသမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။
လွတ်မြောက်နယ်မြေတစ်နေရာတွင် ဆေးကုနေရသော နောက်ရဲဘော်တစ်ဦးသည် နောက်ကျောပုခုံးတွင် ကျည်ထိမှန်၍ ပုခုံးရိုးကျိုးနေမှုကို ကုသရန်လိုအပ်နေပြီး နောက်ရဲဘော်တစ်ဦးမှာ ခန္ဓာကိုယ်ထဲ ကျည်ဆံကျန်ရှိနေသောကြောင့် ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု သိရသည်။
CDF CDM-Siyin ဌာနချုပ်စခန်းတွင် ဆေးဝါးကုသနေရသည့် ဒဏ်ရာအပြင်းအထန်ရရှိသော ရဲဘော် (၃) ဦးမှာလည်း အကူအညီ လိုအပ်နေသည်ဟု သိရသည်။
CDF CDM-Siyinမှ စစ်ဦးစီချုပ်နှင့် လက်ရှိတွင် ခရီးအတူထွက်နေရသော ရဲဘော်တစ်ဦး၏ လက်မှာလည်း ဗုံးအစအန လေး၊ ငါးခု ကျန်ရှိနေပြီး ခွဲစိတ်ကုသရန် လိုအပ်နေသည်ဟု သိရသည်။
အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသော ရဲဘော်များ များပြားပြီး ဆေးဝါးကုသရန် စရိတ်များ လုံလောက်မှုမရှိသောကြောင့် အရေးပေါ်လိုအပ်နေ၍ အကူအညီတောင်းခံအပ်သည်ဟု သိရသည်။
တချို့ရဲဘော်များ၏ ထိခိုက်ဒဏ်ရာများသည် ၂ လကြာ၊ ၄ လကြာတွင် ထပ်မံကုသရမည့် အခြေအနေများလည်း ရှိနေသေးသည်ဟု သိရသည်။
CDF CDM-Siyin သည် ရဲဘော်များကို ဆေးဝါးကုသစရိတ်များ အကူအညီလိုအပ်နေသကဲ့သို့ စခန်းသိမ်းတိုက်ပွဲတစ်ခုကို ထပ်မံပြင်ဆင်နေသောကြောင့် လက်နက်ခဲယမ်းအကူအညီများ လိုအပ်နေသည်ဟု သိရသည်။
ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီတွင် ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ CDF CDM-Siyin၊ CDF-KKG၊ CDF-Thangtlang၊ CDF-Hakha၊ CDF-Haulngoram ၊ CDF-Zanniatram နှင့် PDA စသည့် ချင်းပူးပေါင်းတပ်များက သိုင်းငင်းစခန်းသိမ်းတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက် မနက် ၇ နာရီခွဲတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သိုင်းငင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၈ ဦးသည် အသေခံခုခံတိုက်ခိုက်ခဲ့ပြီး ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ကာ ရဲဘော် ၄၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။