ချင်းပြည်နယ်ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာပို့သွားတဲ့ စစ်ကောင်စီယာဉ်တန်း အစီး ၂၀ ကျော်နဲ့ တင့်ကား ၂ စီးကို ချင်းပူးပေါင်းကာကွယ် ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၈ ကစလို့ ၄ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဖက်က ၆၀ ကျော်သေဆုံးခဲ့တယ်လို့ CNDF က ယမန်နေ့ မတ်လ ၄ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ချင်းပူးပေါင်း ကာကွယ်ရေး တပ်ဖွဲ့တွေထဲမှာတော့ ချင်းအမျိုးသား တပ်မတော် CNA၊ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ CNDF နဲ့ ချင်း ကာကွယ်ရေးတပ်ဖွဲ့ CDF တို့ ပါဝင်ကြပါတယ်။
လုံရန်း နဲ့ တားလ်ကျေးရွာအကြား က မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၁၁ ဦးသေဆုံး ကာ တားရ်ကျေးရွာနဲ့ တလန်ဇာရ် ကျေးရွာအကြား တိုက်ခိုက်မှုမှာ ၃၀ ဦးခန့် နဲ့ ရမ်ထလို နဲ့ ဒုတ်ထစ်ကျေးရွာ အကြား မိုင်းဆွဲ တိုက်ခိုက်မှုမှာ ၂၀ ကျော် စုစုပေါင်း စစ်ကောင်စီ တပ်သား အယောက် ၆၀ ကျော် သေဆုံးခဲ့တယ်လို့ CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“၂၈ ရက်နေ့မှာ မနက်ပိုင်းတစ်ခါပစ်တယ် ၃ ယောက်လောက်ကျတယ် ညနေပိုင်းမှာ တစ်ခါထပ်ပစ်တော့ ၈ ယောက်ဆို တော့ ၂၈ ရက်နေ့မှာတင် ၁၁ ယောက် ဖြစ်သွားတယ်တစ်နေ့တည်းပေါ့နော ၂ ရက်နေ့ကျတော့ မိုင်းဆွဲတာ ၃၀ နီးပါးကျ တာပေါ့ သူတို့ဘက်က နောက်ပြီးတော့ ၃ ရက်နေ့ကျတော့ ပူးပေါင်းတပ်ဖွဲ့တွေက ရမ်ထလိုနဲ့ ဒုတ်ထစ်ကြားမှာ မိုင်းဆွဲတာ စစ်ကောင်စီဘက်က အယောက် ၂၀ လောက်ကျတယ် ဗီဒီယိုဖိုင်မှာလည်း တွေ့တဲ့အတိုင်းပဲ တကယ်လည်း အဲလိုမျိုးမိုင်း တွေနဲ့ဆိုတော့ တစ်ခါသေရင် ၁၀ ယောက်ကနေ ၁၅ ယောက်ကြားလောက်အနည်းဆုံးသေတယ် မိုင်းပဒေသာကျတော့ လေ တွဲလုံးနဲ့ဆိုတော့တော်တော်များများထိကြတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်စီယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တဲ့ ရုပ်သံတစ်ခုကိုလည်း လူမှုကွန်ယက်ပေါ်မှာ မတ်လ ၃ ရက်နေ့ကပေါ်ထွက်လာပြီး စစ်ကောင်စီတပ်သားတွေဟာ ရမ်ထလိုနဲ့ ဒုတ်ထစ်ကျေးရွာအကြား ခြေလျင်နဲ့ လျှောက်လာ တဲ့အချိန်မှာ လမ်းဘေးဝဲယာနှစ်ဖက်စလုံးကနေ ပြင်းအားကောင်းတဲ့ ပဒေသာမိုင်းအတွဲလိုက် ပေါက်ကွဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။
ဖလမ်း-ဟားခါးအကြား ၄ ရက်တာတိုက်ပွဲအတွင်းမှာ ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၃ ဦး နဲ့ CNDF က ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲကြောင့် ဖလမ်း-ဟားခါးလမ်းပေါ်မှာရှိတဲ့ ကျေးရွာက ဒေသခံတွေဟာလည်း တောထဲကို ထွက်ပြေး တိမ်းရှောင်နေကြရသလို စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရမှု ကြောင့် ဒုတ်ထစ် ကျေးရွာက အိမ် ၁၆ လုံးလည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။
မိုင် ၄၀ လောက်သာကွာဝေးတဲ့ ဖလမ်း-ဟားခါးကြားမှာ စစ်ကောင်စီယာဉ်တန်းဟာ ၅ ရက်လောက်ခရီးနှင်ခဲ့ရပြီး မတ်လ ၄ ရက်နေ့က ဟားခါးမြို့မဝင်ခင် ချွန်ကျူံးရွာမှာညအိပ်ကြပြီး ဒီကနေ့မှာတော့ ဟားခါးဘက်ကို ဆက်လက်ချီတက် ကြမယ်လို့ခန့်မှန်းရပါတယ်။