ချင်းပြည်နယ် ဟားခါးမြို့ကို ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့လာသည့် တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်းအားလုံးကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
တင့်ကား ၂ စီးအပါအဝင် စစ်ကောင်စီယာဉ်တန်း ကားအစီး ၃၀ ခန့်သည် ရိက္ခာနှင့် လက်နက်ခဲယမ်းများတင်ဆောင်ကာ စစ်ကိုင်းတိုင်း ကလေးမြို့မှ မတ်လ ၇ နေ့ကတည်းက ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး လမ်းခရီးတလျှောက်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုင်ခြင်းနှင့် ဒရုန်းဖြင့်တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့သည်။
“ကျနော်တို့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းတစ်လျှောက်လုံးမှာ တိုက်ခိုက်ခဲ့တယ် ဒီနေ့ ၁၃ ရက်နေ့မှာတော့ သူတို့ရဲ့ ယာဉ်အားလုံး ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် အဲဒီမှာ စစ်သုံးတင့်ကား ၂ စီးအပါအဝင် မြေထိုးစက်ရယ် သူတို့ ရိက္ခာသယ်လာတဲ့ ၆ ဘီးကားနဲ့ ၁၂ ဘီးကားတွေ ဟားခါးကို တစ်စီးမှ ဝင်နိုင်မှာမဟုတ်တော့ပါဘူး” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။
ဖလမ်းနှင့် ဟားခါးကြားတွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ဧပြီလ ၁၁ နေ့အထိ စစ်ကောင်စီတင့်ကားတစ်စီးအပါအဝင် ကား ၁၀ စီးကျော်ကို ဖျက်ဆီးနိုင်ခဲ့ကြပြီး ဧပြီလ ၁၃ ရက်နေ့ ချွန်ကျူံးကျေးရွာတိုက်ပွဲတွင် ကျန်ရှိသော စစ်ကောင်စီယာဉ်များအားလုံး ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့မှ တက်လာသည့်အချိန်တွင် အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိသော်လည်း ယခုလက်ရှိတွင် အင်အား ၄၀ ဝန်းကျင်ခန့်သာ ကျန်တော့သည့်အတွက် စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးပြီဟု ယူဆရကြောင်း ဆလိုင်းထက်နီကပြောသည်။
“ကျနော်တို့အနေနဲ့ အတိအကျ အတည်ပြုမှုမရပေမယ့် အင်အား ၂၀၀ ထဲမှာ အခုက ၄၀ လောက်ပဲကျန်တော့တယ် ဒါပေမယ့် ကျန်တဲ့တပ်ဖွဲ့ဝင်တွေက အားလုံးကျဆုံးတာမျိုးမဟုတ်ဘူး အကျအဆုံးတော့ ၁၀၀ တော့ကျော်တယ်၊ ၁၂၀ လောက်တော့ခန့်မှန်းတယ် ကျန်တဲ့ဟာတွေကတော့ ထိခိုက်ဒဏ်ရာရတာရှိမယ် နေမကောင်းတဲ့လူတွေလည်းရှိမယ် ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းကတော့ အကျအဆုံးရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။
တစ်ရက်ခန့်သာသွားရသည့် ကလေး – ဟားခါးလမ်းကို စစ်ကောင်စီယာဉ်တန်းသည် တစ်လကျော်ကြာသည်အထိ မရောက်နိုင်ဘဲဖြစ်နေပြီး ယခုလက်ရှိတွင်လည်း ဟားခါးမြို့မှ ၁၇ မိုင်ခန့်ကွာဝေးသော ချွန်ကျူံးကျေးရွာတွင် ပိတ်မိသောင်တင်ကာ စစ်ကောင်စီက ဟားခါးဘက်မှ စစ်ကူများလည်း စေလွတ်လာနေသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ မနက်ခင်းနှင့် နေ့ခင်းပိုင်းတွင် ချွန်ကျူံးကျေးရွာအနီးတဝိုက်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။