(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်၊ လေဆင်းရွာတွင် ချင်းပြည်သူ့ အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) က ဂိတ်ဆောက်လုပ်ခြင်းကို လက်မခံသည့်အတွက် ဒေသခံပြည်သူများက ကန့်ကွက်ဆန္ဒပြကြောင်း သိရသည်။
မတူပီမြို့မှ ၂၇ မိုင်အကွာ မတူပီ – ပလက်ဝကားလမ်းပေါ်ရှိ လေဆင်းရွာတွင် ပြီးခဲ့သော ရက်သတ္တပတ်ထဲမှာ CPU/ CPA က ဂိတ်ကို စတင်ဆောက်လုပ်ခြင်းနှင့် တပ်သားသစ် စုဆောင်းမှုများကြောင့် ဩဂုတ်လ ၂၃ ရက်မှာ လေဆင်းရွာ ဒေသခံများက ဆန္ဒပြခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့ ဂိတ်ထိုးဖို့ လုပ်တဲ့ဟာကို စစ်ကောင်စီလည်း မရှိပဲနဲ့ ဘာကြောင့် ဂိတ်ထိုးတာလည်းဆိုတာကို ပြည်သူတွေက မသိဘူး။ လိုလည်း မလိုအပ်ဘူးပေါ့။ ဘာရန်သူမှလည်း မရှိဘူး။ ဘာကြောင့်ထိုးတယ်ဆိုတဲ့ ကိစ္စတွေ မသိတဲ့ အခါကြတော့ ပြည်သူတွေက ကန့်ကွက်တာပေါ့။ အဓိက က ဘာအတွက် ဂိတ်ထိုးတာကို ကျနော်တို့လည်း ကောင်းကောင်း မသိပါဘူး” ဟု မတူပီမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF- မတူပီ၏ ဧရိယာ ၃ ထိန်းချုပ်နယ်မြေအတွင်းရှိ လေဆင်းရွာတွင် CPU/ CPA တပ်ဖွဲ့က ဒေသခံလူငယ်များကို တပ်သားအဖြစ် ဖမ်းဆီးခြင်းနှင့် ရွာထဲတွင် ဂိတ်ထိုးခြင်းတို့ကြောင့် ဒေသခံပြည်သူများက ဆန္ဒဖော် ထုတ်ပြန်သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဩဂုတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားသည်။
မတူပီပအဖအဖွဲ့က ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် လေဆင်းရွာထဲတွင် CPA က ဂိတ်ဆောက်လုပ်ခြင်းကို သဘောမတူကြောင်း ကလေးငယ်နှင့် လူကြီးအပါအဝင် ဒေသခံပြည်သူ ဆယ်ဂဏန်းခန့်က တောင်းဆိုဆန္ဒပြနေကြပြီး လမ်းပေါ်တွင် ဝါးဖြင့် ကာရံ ဆောက်လုပ်ထားသော ဂိတ်ဟု ယူဆရသော အရာတချို့ကို ဖယ်ရှားနေသည်ကို တွေ့ရသည်။
လေဆင်းရွာတွင် CPU/ CPA က တပ်သားသစ်စုဆောင်းမှုများကိုလည်း ဒေသခံပြည်သူများက ကန့်ကွက် ဆန္ဒပြကြောင်း သိရသည်။
“တပ်သားစုဆောင်းရေးကတော့ လုပ်တာပေါ့။ ဒါက ကျနော်တို့ အများကြီး ကန့်ကွက်တာ မရှိပါဘူး။ အခုချိန်မှာ မတူပီကတော့ တမူထူးခြားပါပဲ။ နှစ်ဖွဲ့ဖြစ်လာတော့ ဒီနှစ်ဖွဲ့ ပြန်လည်ပြီမှ သင့်မြတ်ရေး မရှိသေးသရွေ့တော့ ဘာလုပ်လုပ် လက်ညှိးအထိုးခံ ရမှာပဲ။ ကောင်းတာပဲ လုပ်လုပ်၊ ဆိုးတာပဲ လုပ်လုပ် အပြောခံရမှာပဲ။ ဒါက ဘာကြောင့်လဲဆိုတာ သိတတ်သူတွေ အားလုံးက နားလည်မှာပေါ့။ ပြည်သူတွေက ကြိုက်သလား၊ မကြိုက်ဘူးလားဆိုတာရော၊ ကိုယ့်ရဲ့ ဘာကြောင့်ဆိုတာကို အများကြီး စဉ်းစားစရာ ရှိပါတယ်။ ကျနော်တို့က နည်းနည်းပါးပါးအဆင်ပြေတော့မယ့်အချိန်မျိုးမှာ ပြန်ပြီး အဆင်မပြေတော့မယ့် အခြေအနေမျိုးကို ပြန်ဖန်တီးနေသလိုမျိုးတော့ ရှိတာပေါ့” ဟု မတူပီမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မတူပီမြို့နယ်တွင် ချင်းလန်းကောင်စီကို ထောက်ခံရပ်တည်သော မတူပီမြို့နယ်ကောင်စီ/CDF – မတူပီနှင့် CPU/ CPA တွင် ပါဝင်ရပ်တည်သော MRO/CDF- မတူပီ ဟူ၍ နှစ်ဖွဲ့ ကွဲနေပြီး လေဆင်းရွာသည် ချင်းလဲန်းကောင်စီကို ထောက်ခံသော်လည်း CPU/ CPA ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု သိရသည်။
လေဆင်းရွာဖြစ်စဉ်နှင့်ပတ်သက်၍ MRO/CDF- မတူပီအင်အားစုများထံ ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းသော်လည်း မရသေးပေ။
CPU/ CPA ကို ချင်းတောင်ပိုင်းမှ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်၊ ဒိုင်ရ် စသည့် မြို့နှင့်ဒေသများမှ ချင်းတော်လှန်းရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားသည်။

