ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီးမရတာ နှစ်ပါတ်နီးပါးကြာပြီးနောက် ချင်းဦးစီးရပ်ကွက်ရှိ နေအိမ်တစ်လုံး ဖောက်ထွင်းခံရကာ မီးစက်တစ်လုံး ပျောက်ဆုံးတယ်လို့ အိမ်ရှင်ထံမှ သိရသည်။
လွန်ခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့ညတွင် အမည်မသိလူတစ်ချို့က ခြံစည်းရိုး သံဇကာ ဖျက်ဆီး၊ ၎င်းအိမ်ကို အိမ်ရှင်မရှိတုန်း သော့ဖျက်ဖောက်ထွင်းခဲ့တာဖြစ်တယ် လို့ သိရသည်။
“အခု ဖောက်ထွင်းခံရတဲ့ အိမ်က နှစ်ထပ်အိမ်ပေါ့နော်၊ သူခိုးတေက အိမ်အောက်ထပ်ကို သော့ဖျတ်ပြီးဝင်မွေသွားတာပေါ့။ အဲမှာ မီးစက်နှစ်လုံးထားထားတာ ပိုကြီးတဲ့တလုံးကို ခိုးသွားကြတာပဲ။ ပိုက်ဆံတော့ ဘာမှမရှိတော့ မပါဘူးပေါ့နော်။ ဒီလိုမျိုး အိမ်ဖောက်ခံရတယ်ကြားတော့ ဝမ်းနည်းတာပေါ့။ ကိုယ့်အနေနဲ့ကျ ဘာမှတတ်နိုင်တာလဲမရှိဘူးလေနော်။” လို့ အိမ်ရှင်အမျိုးသားတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ခိုးဆိုးလုယက်မှုများ သိသိသာသာများလာပြီး ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း လွန်ခဲ့သည့် အောက်တိုဘာလတွင် ဟားခါးမြို့ မတူပီလမ်းရှိ ကုန်စုံဆိုင်နှစ်ဆိုင်အား သူခိုးများ ဖောက်ထွင်းဝင်ရောက်ကာ ငွေကြေး သိန်းနှစ်ဆယ်ဝန်းကျင် ခိုးယူခဲ့ကြပါသည်။
ယခု ဟားခါးမြို့တွင် လျှပ်စစ်မီးဆက်တိုက်မလာတာကြောင့် လျှပ်စစ်မီးအစား အသုံးပြုနိုင်သည့် solar၊ နေရောင်ခြည်ပြား၊ မီးစက်၊ ဖယောင်းတိုင်၊ မီးသွေး စသည့်ပစ္စည်းများ စျေးနှုန်းထိုးတက်သည်သာမက ဝယ်ယူရန်လည်း အလုံအလောက်မရှိဘူးလို့ သိရသည်။a