(004SS)
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သိမ်းစစ်ဆင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှာရောက်ရှိနေကြသော ဟားခါးမြို့နယ်က လူငယ်များအားလုံး စစ်သင်တန်းတက်ရောက်လာကြရန် CDF-Hakha က ဖိတ်ခေါ်လိုက်သည်။
စစ်ကောင်စီ၏ စစ်ဗျူဟာ နှင့် ခလရ ၂၆၆ တပ်ရင်းအခြေစိုက်ထားသည့် ဟားခါးမြို့တွင် မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ်အတွင်း ဆင်နွှဲနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ထို့အတွက် ဟားခါးမြို့နယ်က လူငယ်များ၊ မိမိရောက်ရှိ သည့် နိုင်ငံမှ ပြန်လာကာ CDF-Hakha ထံ ပါဝင်ဆက်ကပ်ကြရန် ဖိတ်ခေါ်ခြင်းဖြစ်သည်ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။
“အခုဆိုရင် ချင်းပြည်နယ်မှာ နောက်ဆုံးလက်ကျန်မြို့လိုလိုဖြစ်နေ ပြီပေါ့နော်။ ကျွန်တော်တို့ခံယူချက်ကတော့ ဟားခါးမြို့ သိမ်းဖို့ဆိုရင် ဟားခါးမြို့နယ်သူ၊မြို့နယ်သားတွေမှာ အဓိကတာဝန်ရှိတယ်လို့ ခံယူတာပေါ့နော်။ ဆိုတော့ ဟားခါးမြို့နယ်က လူငယ်အားလုံးကို ဖိတ်ခေါ်တယ်။ ဒီမြို့သိမ်းစစ်ဆင်ရေးအတွက် သင်တန်းတွေတက်ပြီးတော့မှ ဆက်ကပ်ကြဖို့။ ပြည်တွင်း မှာရှိတဲ့လူငယ်တွေသာမကဘဲနဲ့ မီဇိုရမ်မှာ ရောက်နေတဲ့ လူငယ်တွေအားလုံးလည်း ပြန်လာစေချင်တယ်။ နောက် မလေးရှား ရောက်နေတဲ့ လူငယ်တွေကိုလဲ ပြန်လာနိုင်ရင် ပြန်လာစေချင်တယ်။ အခုနွေဦးတော်လှန်ရေးရဲ့ ရေစီးကြောင်းအရ စစ်တိုက် ဖို့ကအဓိကဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ စစ်တိုက်ဖို့ဆိုရင် အဓိကလိုအပ်တာ လူအင်အားဖြစ်တယ်။ လူအင်အားမရှိဘဲနဲ့ လက်နက်ဘယ်လောက်ပဲကောင်းကောင်း စစ်ကိုနိုင်မှာမဟုတ်ဘူး။ အဲဒါကြောင့် ဒီဖိတ်ခေါ်ချက်ကို ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုင်းပြည်နှင့်လူမျိုးလွတ်မြောက်ရေးသည် လူတိုင်း၏တာဝန်ဖြစ်ပြီး လူငယ်များအားလုံးအနေဖြင့် ဟားခါးမြို့သိမ်းတိုက်ပွဲ တွင် ကိုယ်တိုင်ပါဝင်လာကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ သား၊သမီးများကို တိုင်းပြည်နှင့် လူမျိုး လွတ်မြောက်ရေး အတွက် ပါဝင်နိုင်ရေး အားပေးကာပံ့ပိုးပေးကြရန် CDF-Hakha က ထုတ်ပြန်ထားသည်။
စစ်သင်တန်းတက်ရောက်မည့်လူငယ်များအနေဖြင့် CDF- Hakha တပ်ဖွဲ့ထံတွင် အချိန်ပြည့်တပ်ဖွဲ့ဝင် (Active Force) အဖြစ် တာဝန်ထမ်းဆောင်နိုင်သလို၊ ဟားခါးမြို့နယ် အရံတပ်ဖွဲ့သင်တန်း တက်ရောက်ပြီးနောက် အိမ်ပြန်အနားယူကာ စစ်တိုက်ရန်လိုအပ်သည့်အချိန်မှ လာရောက်တိုက်ပွဲဝင်မည့် အရံတပ်ဖွဲ့ဝင် (Reserve Force) အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် ခေတ္တအနားယူခဲ့သော CDF- Hakha ရဲဘော်များအနေဖြင့်လည်း သင်တန်းထပ်မံတက်ရောက်ရန် မလိုအပ်တော့ဘဲ အရံတပ်ဖွဲ့အဖြစ် အမည်စာရင်းပေးသွင်းထားကြရန် တိုက်တွန်းထားသည်။
CDF-Hakha အနေဖြင့် လူငယ်များကို အတင်းအဓမ္မခိုင်းစေကာ စစ်သင်တန်းတက်ရောက်စေခြင်းမျိုးမဟုတ်ဘဲ မိမိ သဘော ဆန္ဒ၊ မိမိဆုံးဖြတ်ချက်ဖြင့်သာ ပါဝင်ဆက်ကပ်စေချင်ကြောင်း၊ သို့သော်လည်း ထိုသို့ပါဝင်လာသူမရှိပါက မဖြစ် မနေ တက်ရောက်စေရမည့် အခြေအနေလည်းဖြစ်လာနိုင်ကြောင်း CDF-Hakha တာဝန်ရှိသူကပြောသည်။
“ကျွန်တော်တို့က လူငယ်တွေကို အတင်းကြီး သွားဖမ်းပြီးတော့မှ စစ်သင်တန်းပို့တာမျိုးကို မလုပ်ချင်ဘူးပေါ့နော်။ အခု ဒီတစ်ကြိမ်ကျတော့ ဖိတ်ခေါ်တယ်။ ကိုယ့်မြို့၊ ကိုယ့်ရွာ ၊ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် ကိုယ့်မှာလည်း တာဝန်ရှိ တယ် ဆိုတဲ့ စိတ်ဓါတ် အားလုံးမှာရှိစေချင်တယ်။ ဆိုတော့ သူတို့ ဆန္ဒ၊ သူတို့ဆုံးဖြတ်ချက်နဲ့ ပါဝင်စေချင်တယ်ပေါ့နော်။ သို့သော်လည်းပဲ အဲလိုမျိုးဆက်ကပ်တဲ့သူသာ မရှိဘူးဆိုရင် ကျွန်တော်တို့မလုပ်ချင်လည်းဘဲ လုပ်ရမဲ့အခြေအနေဖြစ်လာ မလားပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ဖို့လိုတယ်။ သူတို့အတွက်လဲ ဖြစ်တယ်။ သူတို့သားစဉ်မြေးဆက်အတွက်လဲ ဖြစ်တယ်။ ဒါကြောင့် အခုကလူတိုင်းမှာ တာဝန်ရှိတဲ့ အကြောင်း အသိပေးချင်တယ်။ အဓိကကျတော့ သူတို့ရဲ့ ဆန္ဒ သူတို့ ဆုံးဖြတ်ချက်နဲ့ပဲ ဖြစ်စေချင်တယ်” ဟု CDF-Hakha တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် မြို့သိမ်းစစ်ဆင်ရေးအတွက် လိုအပ်သော လူအင်အား၊ လက်နက်အင်အား၊ ပြည်သူ့ရေးရာ ကိစ္စရပ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။
တူမီးသေနတ်စွဲကိုင်၍ စစ်အာဏာရှင်စနစ်ကို စတင်တော်လှန်ခဲ့သော ချင်းပြည်နယ်တွင် ဟားခါးမြို့၊ တီးတိန်မြို့၊ ထန်တလန်မြို့နှင့် ခိုင်ကမ်းမြို့စသည့် မြို့ ၄ မြို့မှအပ အခြားသော စစ်ကောင်စီအထိုင်ချရာ မြို့ပေါ်နှင့် ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သည်။