ချင်းပြည်နယ်မြို့တော်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး ဟိန်းထက်အောင် သေဆုံးကြောင်း ဟားခါးမြို့ ဒေသခံများထံမှ သိရသည်။
၎င်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်း ၂ နာရီဝန်းကျင်တွင် ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူက သွေးတိုးရှိတယ်လို့ကြားတယ်၊ ပြောရရင်တော့ သူ့ကို လာသတ်မှာ ကြောက်လို့လဲပါမှာပေါ့၊ နှလုံးဖောက်ပြီး သေသွားတာလို့သိရတယ်။ သူ့ကို ဟားခါးမှာပဲ မီးသဂြိုလ်ေပးတယ်” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ချင်းလူ့အခွင်းအရေးအဖွဲ့ CHRO မှ ၎င်းဗျူဟာမှူးသေဆုံးကြောင်း အတည်ပြုချက်ဖော်ပြသည်။
ဗိုလ်မှူးကြီး ဟိဏ်းထက်အောင် ရုတ်တရက်သေဆုံးရခြင်းမှာ နှလုံးရောဂါကြောင့်ဖြစ်ပြီး စစ်ရှုံးသည့်ကိစ္စနဲ့ပက်သက်၍ အထက်နေပြည်တော်မှ ဖိအားပေးမှုများ ခံနေရခြင်းကြောင့် ဖြစ်နိုင်သည်ဟု CHRO ၏ ဖော်ပြချက်အရ သိရသည်။
ဟားခါးမြို့ ဗျူဟာမှူး သေဆုံးသည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ အများအပြားသည် ဂန်ဂေါလမ်းတစ်လျှောက်တွင် နေရာယူ ကင်းစောင့်နေကြကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဟားခါးမြို့အခြေစိုက် စစ်ကောင်စီရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း ပြောင်းရွှေ့သွားပြီးနောက် ၎င်းနေရာတွင် ဗိုလ်မှူးကြီး ဟိန်းထက်အောင် ရောက်လာခြင်းဖြစ်သည်ဟု သိရသည်။