(006SV+PT)
ချင်းတော်လှန်ရေးအတွက် ကြီးမားသည့် အပြောင်းအလဲဖြစ်လာမည့် ချင်းပြည်အစိုးရ ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက် ချင်းအမျိုးသားကောင်စီ သို့မဟုတ် ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရန် ချင်းအင်အားစုတွေ ကြိုးစားနေမှုသည် ၂ နှစ်ကျော်ရှိလာပြီးဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ မြန်မာနိုင်ငံမှာ ပထမဆုံးပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုများ ကြိုးစားခဲ့သော်လည်း ကရင်နီပြည်နယ်အစိုးရ ဖွဲ့စည်း ပြီး လပိုင်းအတော်ကြာမြှင့်သည်အထိ ကောင်စီဖွဲ့စည်းနိုင်ရေးအဆင့်တွင်သာ တန့်နေခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်မှာ ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော် ကိုယ်စားလှယ်များ၊ CJDC မှ အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဦးဆောင်ဆွေးနွေးပွဲ ပြုလုပ်နေသော်လည်း CNO/ CNDF နှင့် ZFU တို့က ပါဝင် တက်ရောက်ခြင်းမရှိခဲ့ပေ။
ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အစည်းအေ၀◌းမှာ တက်ရောက်ခြင်း မရှိသည့် CNO/CNDF ၏ သဘောထားကို CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းအား ဆက်သွယ်မေးမြန်းထားသည်။
မေး – ချင်းတော်လှန်ရေး အင်အားစုတွေက ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ – မြို့နယ်အလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ မျိုးနွယ်စုအလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ စတင်ဖွဲ့စည်းဖို့ တာစူနေ ကတည်းက CSO အဖွဲ့တွေရယ်၊ MP (လွှတ်တော်ကိုယ်စားလှယ်) အစုအဖွဲ့တွေရယ်၊ နိုင်ငံရေး ပါတီတွေရယ် စုဖွဲ့ပြီး ကြား ကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ဆိုပြီးတော့မှ ဖွဲ့ခဲ့ကြတယ်။ တစ်နည်းပြောရရင် ချင်းလဲန်းကောင်စီပဲလေ။ အဓိက ကောင်စီဖွဲ့တယ်ဆိုတာက ကောင်စီမှာ အဆုံးသတ်ဖို့ မဟုတ်ပဲနဲ့ ချင်းပြည်အစိုးရဖွဲ့ဖို့ပေါ့။ ကြားကာလချင်းအမျိုးသား အတိုင်ပင် ခံကောင်စီကမှ ချင်းပြည်အစိုးရ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဖြေ မထွက်နိုင်ခဲ့ကြဘူး။ အလျော့အတင်း ပြုလုပ်ရတဲ့ အခါမှာ။ အထူးသဖြင့် CNF နဲ့ CNF မဟုတ်တဲ့ အစုအဖွဲ့တွေ ကြားထဲမှာပဲ Charter ဆွဲတဲ့အခါမှာ မပြီးမဆုံးနိုင် ဖြစ်သွားတယ်။ အဲလိုနဲ့ ဒီကြားထဲမှာ နှစ်နဲ့ ချီပြီး ကြာလာတဲ့အခါမှာ တစ်နှစ်ကျော်ကြာတဲ့ အခါမှာ CJDC ခေါ်တဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ရပ်တည်လာတယ်။ ရပ်တည်လာတဲ့အခါမှာ CJDC အဖွဲ့ထဲမှာက မြေပြင်ကို စိုးမိုးမှု ယူထားတဲ့အဖွဲ့တွေ များတဲ့အခါကြတော့ တနည်းအားဖြင့် ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းပြီးသာ အဖွဲ့ဖြစ်လို့ ဒီအဖွဲ့တွေ စုပေါင်းကြရင် ချင်းလဲန်း ကောင်စီပါပဲ။ ချင်းလဲန်း ကောင်စီကနေ ချင်းပြည်အစိုးရပါပဲ ဆိုတဲ့ CJDC က ဝင်လာဖူးတယ်။
ကျနော်တို့ ကြိုးကြိုးစားစားနဲ့ ဖြစ်မြောက်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ကြိုးစားခဲ့ကြတယ်။ CJDC မှာ ပါဝင်တဲ့ အဖွဲ့ဝင်တချို့က CJDC သည် စစ်ရေးအရ ပူးပေါင်းပါဝင်တဲ့အဖွဲ့အစည်းသာ ဖြစ်တယ်။ နိုင်ငံရေးအရ ဖွဲ့ထားတဲ့ အဖွဲ့ မဟုတ်တဲ့အတွက်ကြောင့် စစ်ရေးအရ ပူးပေါင်းတဲ့အဖွဲ့ကနေ နိုင်ငံရေး ဖွဲ့စည်းတည်ထောင်မယ်ဆိုတာက အဆင်မပြေ လောက်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတယ်။ ပြီးတော့ CJDC ရဲ့ ချမှတ်ထားတဲ့ အရာမှာ MP ရဲ့ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ် မလုပ်ခဲ့နိုင်တာနဲ့ ပတ်သက်ပြီးတော့။ ဥပမာ MP က ပါချင်ရင်လည်း ကိုယ့်ရဲ့ တော်လှန်ရေးရဲ့ အစုအဖွဲ့တွေ ထဲကနေ ပါချင်ရင်လည်း ပါဆိုတဲ့ ပုံစံနဲ့ သွားတဲ့အခါကြတော့ လက်တွေ့မှာ တကယ်တမ်း အလုပ် မဖြစ်ခဲ့ဘူး။ ဆိုတော့ ICNCC လည်း အလုပ်မဖြစ်ဘူး။ CJDC လည်း အလုပ်မဖြစ်ဘူး။ ဆိုတော့ ICNCC နဲ့CJDC နဲ့ ပေါင်းပြီးတော့ လုပ်ကြရအောင်ဆိုပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်။ တစ်နှစ်နီးပါးကြာအောင် တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြတယ်။ နောက်ဆုံး မှာတော့ De facto နဲ့ De Jure ပေါင်းပြီး လုပ်ကြရင် အဆင်ပြေမယ် ထင်တယ်ဆိုပြီးတော့မှ De Jure အနေနဲ့ ICNCC က ရေးဆွဲထားတဲ့ မူကြမ်း နဲ့ CJDC က ရေးဆွဲထားတဲ့ မူကြမ်းရယ် ပေါင်းပြီးတော့မှ Single Text ဖြစ်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်ဖြစ်၊ charter ပဲ ဖြစ်ဖြစ်၊ ရလာတဲ့ မူဘောင်အတိုင်း ၊ ရလာတဲ့ ဥပဒေအတိုင်း ချင်းလဲန်းကောင်စီကို ပြင်ဆင်ပြီးတော့ ဖွဲ့စည်းပြီးတော့ဖြစ်ဖြစ်၊ အဲဒီအောက်ကနေ ဆွေးနွေး ညှိနှိုင်းခဲ့တယ်။ အဖြေထွက်ခါနီးနီးအခြေအနေမှာ CJDC ရဲ့ ၁၈ ဖွဲ့နဲ့ အကြိမ်ကြိမ် ညှိနှိုင်း ဆွေးနွေးပြီးတော့မှ အများစု ပြောရမလား၊ အားလုံး သဘောတူနိုင်တဲ့ Single Text အဆင့်ကို ရောက်လာနိုင်ခဲ့တယ်။
အဖွဲ့ ၁၈ ဖွဲ့ကနေ Single Text ရဖို့ ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအဆင့်အထိ ရောက်ခဲ့တယ်၊၊ ICNCC ဘက်ကလည်း သူတို့ရဲ့ Single Text ရတယ်။ ဒါပေမဲ့ သူတို့မှာ ပြသနာရှိတာက သူတို့ Single Text မှာ ဒီ CNF ရဲ့ ပါဝင်မှုက အားနည်းနေတယ်။ ICNCC ရဲ့ မူဘောင်အရ အစုအဖွဲ့ကြီး (၄)ခုမှာ အစုအဖွဲ့တစ်ခုက ပါဝင်မှု မရှိဘူးဆိုရင် ပူးပေါင်းမှု မပြည့်တဲ့ သဘောမျိုး ရှိနေတဲ့အခါကြတော့ သူတို့ရဲ့ Single Text ကို ပိုအဆင်ချောအောင်လို့ ကျနော်တို့ CJDC မှာလည်း CNF က ပါဝင်နေတာဖြစ်လို့ ကျနော်တို့ရဲ့ မူကြမ်း (Draft)အပေါ်မှာ CNF ရဲ့ မှတ်ချက်ကို ယူပေးပါဦးဆိုပြီးတော့ အကူအညီတောင်း လာပါတယ်။ ကျနော်တို့လည်း CJDC ရဲ့ Single Text အပေါ်မှာ CNF ရဲ့ သဘောထား တောင်းခံပါတယ်။ တကယ်တမ်း CJDC က လုပ်တဲ့ Single Text ဆိုတာက CNF က နဂိုမူလ လုပ်ထားတဲ့ Draft (မူကြမ်း)အပေါ်မှာ နည်းနည်းပါးပါး ပြုပြင်တာပဲ ရှိတာပါ။ လူဦးရေကို လိုတိုး၊ ပိုလျော့လောက်ပဲ လုပ်ထားတာရှိပါတယ်။ ကျနော်တို့က အဲဒီလို သဘောထားမေးတဲ့အခါကြတော့ CNF ကနေမှ တရားဝင်ဘာမှ တုံ့ပြန်တာ မရှိတဲ့အခါကြတော့ ကျနော်တို့ CJDC နဲ့ ICNCC နဲ့ တွေ့ဆုံပြီး Single Text လုပ်မယ့် ကိစ္စက နှောင့်နှေးသွားတာပေါ့။ ဆက်ပြီးတော့ ခြေလှမ်းလို့ မရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ ICNCC က သူတို့မှာ CNF ရဲ့ ပါဝင်မှု မပြည့်မှုနဲ့ အခက်အခဲဖြစ်နေချိန်မှာ ကျနော်တို့ဆီမှာကော CNF ပါဝင်မှု တကယ်ရှိသလားဆိုပြီးတော့မှ၊၊ အဲဒီမှာ ကျနော်တို့အဖွဲ့က လူငယ်တချို့က ICNCC က တပြည်နယ်လုံး လုပ်ရမယ့် ကိစ္စကို အစုအဖွဲ့တစ်ခု မပါရုံနဲ့ သူတို့က မသွားဘူးဆိုတာက အစုအဖွဲ့တစ်ခုပေါ်မှာ အရမ်း အလေးပေးရာ ကျလွန်းတယ်ဆိုပြီးတော့ CJDC အဖွဲ့ဝင်တချို့က ICNCC လူကြီးတွေအပေါ်မှာ နားလည်မှု လွဲမှားတဲ့အခြေအနေလည်း ရောက်ခဲ့ပါတယ်။
ကျနော်တို့လည်း ဘာကြောင့်မှန်း မသိပေးမယ့် CNF က နောက်တော့ ICNCC ကနေ နှုတ်ထွက်လိုက်တယ်။ ပြီးတော့ CJDC မှာလည်း ဥက္ကဌအပြောင်းအလဲ သူလုပ်ပါတယ်။ အရင်တုန်းက ဥက္ကဌကို ပြောင်းပြီးတော့ တခြားဥက္ကဌ။ အဖွဲ့ဝင်တွေလည်း CJDC မှာ သူ့ရဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးကို အသစ်လဲလိုက်ပါတယ်။ မူဝါဒလည်း နည်းနည်း ပြောင်းလဲလိုက်ပါတယ်။ CJDC ထဲမှာ သက်ဆိုင်တဲ့ ကိစ္စတွေ အကုန်လုံးကို အာဂျင်တာ မဖွင့်တော့ဘူးပေါ့။ မဖွင့်တော့ Main ကော်မတီကနေ စစ်ရေးကလွဲရင် ကျန်တဲ့ ကိစ္စတွေ မလုပ်တော့တဲ့အခါမှာ Main ကော်မတီရဲ့ Sub ကော်မတီဖြစ်တဲ့ ချင်းလဲန်ကောင်စီ ဖြစ်မြောက်ရေး ကော်မတီကလည်း ဘာမှ ဆက်လုပ်လို့ မရတဲ့ အခြေအနေ ရောက်သွားပါတယ်။ တဖက်က ICNCC မှာလည်း သူက နှုတ်ထွက်သွားတဲ့အခါကြတော့ ဘာမှ ရှေ့ဆက်လို့ မရဖြစ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ICNCC က လူကြီးတွေ အထူးသဖြင့် MP တွေက CNF နဲ့ ညှိနှိုင်းပြီးတော့ အဖွဲ့ဝင်ဖို့ ခဏခဏ ညှိနှိုင်းတာကိုတော့ ကြားရတယ်။ အဲလို တွေ့ရင်းကနေ CNF နဲ့ MP တွေ့ဆုံပွဲပုံစံမျိုးတွေ ဖြစ်လာတယ်လို့ ကြားရတယ်။ နောက်တော့ CNF ကနေမှ ICNCC ရော၊ CJDC ရော မဖွဲ့စည်းလိုက်နိုင်တဲ့ ချင်းလဲန်းကောင်စီကို သူကိုယ်တိုင် ကမကထ လုပ်ပြီးတော့ ဖွဲ့မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ သူက အကြိုအစည်းအဝေးလုပ်ကြမယ်ဆိုပြီးတော့မှ အခုနောက်ဆုံး အစည်းအဝေး ခေါ်လိုက်တဲ့ဟာ ဒါက ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ အဆင့်ဆင့် ကြိုးစားခဲ့တဲ့ အကြောင်းဖြစ်ပါတယ်။
မေး – ချင်းလဲန်းကောင်စီက ဘာကြောင့်ဖွဲ့စည်းဖို့ လိုအပ်ပါသလဲ။ တော်လှန်ရေးအတွက် ဘယ်လို အရေးကြီးပါသလဲ။
ဖြေ – ချင်းလဲန်ကောင်စီ ဖွဲ့ဖို့ဆိုတာက စောစောကပြောတဲ့အထဲမှာလည်းပါသွားပါတယ်။ ချင်းပြည်အစိုးရ ဖွဲ့ချင်လို့ပါ။ ချင်းပြည်အစိုးရဖွဲ့ဖို့အတွက်က အခုက လွတ်လပ်တဲ့ ခေတ်လည်း မဟုတ်တော့ တိုက်ပွဲဖြစ်နေတော့ ၊ တကယ်တမ်းက ပြည်သူတွေက ရွေးပြီးတော့မှ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကနေမှ၊ တိုင်းပြု ပြည်ပြု လွတ်တော်အမတ်တွေ ကနေမှ မူကြမ်းတွေ ရေးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုပြီးတော့မှ အဲဒီအတိုင်း အစိုးရဖွဲ့လိုက်ရုံပဲ ဖြစ်ရမှာ။ ဒါပေမဲ့ အခုက ပြည်သူတွေကနေ ကိုယ်စားလှယ်ကောက်ခံတာ၊ သဘောထားကောက်ခံတာတို့ လုပ်လို့ မရတဲ့ အနေအထားမျိုးမှာ အခု ပြည်သူတွေကိုယ်စား ရပ်တည်နေတဲ့ အစုအဖွဲ့တွေကို တစ်စုတစ်စည်းထဲ အရင်ပေါင်းပြီးတော့မှ အဲစုပေါင်းမှုကို ပြည်သူကိုယ်စားပြုလို့ သဘောထားပြီးတော့မှ ဆက်သွားဖို့ လိုတဲ့အခါမှာ ချင်းပြည်ကောင်စီ ခေါ်မလား၊ ချင်းလဲန်းကောင်စီ ခေါ်မလား၊ ချင်းအမျိုးသားကောင်စီ ခေါ်မလားလိုအပ်တဲ့ အကြောင်းရင်းပေါ့နော်။ အဓိက ရည်ရွယ်ချက်က ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ဖို့၊ အုပ်ချုပ်ရေးရော၊ တရားစီရင်ရေးရော၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဏိုင် (၃) ခုကို သေချာ လည်ပတ်နိုင်မယ့် ပြည်သူကို ၊ ချင်းပြည်တစ်ခုလုံးကို ကိုယ်စားပြုနိုင်တဲ့ အစုအဖွဲ့ကြီးတစ်ခု ဖြစ်ပေါ်လာဖို့ လိုအပ်လို့ ကျနော်တို့ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ၊ ချင်းအမျိုးသားကောင်စီကို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်။
မေး – ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဘယ်အချိန်ကတည်းကနေ ဘယ်လူတွေက ဘယ်လိုတွေ ကြိုးစားခဲ့ကြပါသလဲ။
ဖြေ – သမိုင်းကြောင်းက ဟိုအရင်းကတည်းက ကြိုးစားခဲ့ကြတာပါ။ ပြောရရင် ကြာသွားမှာ စိုးလို့ ကျနော်ကတော့ ၂၀၂၁ ကနေပဲ လက်တွေ့ကျတာကိုပဲ ၊ အဲဒီအရင်မတိုင်မီက ကြိုးစားမှုတွေက လက်ရှိ နိုင်ငံရေးနဲ့ ဆက်စပ်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ လက်ရှိနိုင်ငံရေးနဲ့ ဆက်စပ်မှု ရှိတဲ့ ကြိုးစားမှုက ၂၀၂၁ ခုနှစ် ICNCC ဖွဲ့စည်းစဉ်ကနေ အစပြုခဲ့တယ်လို့ ဆိုချင်ပါတယ်။
မေး – ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး အရင်းက CNO/ CNDF က ဘယ်လိုပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတာကို သိပါရစေ။
ဖြေ – CNO ဆိုတာက ဖလမ်းမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကနေမှ ချက်မြှပ်ဇာတိတွေဖြစ်တဲ့ ဖလမ်းမြို့နယ်က မျိုးနွယ်စုတွေကို အခြေပြုပြီးတော့မှ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျနော်တို့ CNO ဆိုတာ အဲဒီမျိုးနွယ်စုတွေ ကိုယ်စား သွားနေတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။ ICNCC ဖွဲ့တဲ့အခါမှာ CNO/ CNDF အနေနဲ့ နာမည်နဲ့ ICNCC ထဲမှာ ပါဝင်ခြင်း မရှိပေမယ့်လည်း ဖလမ်းမြို့နယ်မှာ ရှိတဲ့ ချင်းလူမျိုးတွေရော၊ ဖလမ်းမြို့နယ်အနေနဲ့ သွားနေတဲ့ CSO အဖွဲ့တွေရော အကုန်လုံးက CNO အဖွဲ့ထဲမှာ လင့်ခ်ရှိနေပြီးသားဖြစ်တော့ တိုက်ရိုက်မဟုတ်ပေမယ့် ICNCC မှာ ဘာတွေ လုပ်ပါတယ်၊ ဘာတွေ ဖြစ်ပါတယ်ဆိုတာကို ICNCC ထဲမှာ သွားနေတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးသမားတွေ ခေါ်မလား MP တွေရော CSO သမားတွေကရော မြို့နယ်ရဲ့ အသံကို သိချင်တဲ့အခါမှာ၊ မြို့နယ်ရဲ့ ဆန္ဒကို မေးမြန်းတဲ့အခါမှာ CNO ကို အမြဲတမ်း ဆွေးနွေးဖြစ်ပါတယ်။ ICNCC မှာကတည်းက CNO အနေနဲ့ ပါဝင်မှု ရှိခဲ့တယ်လို့ ပြောရမှာပေါ့နော်။ ပြီးတော့ CJDC အနေနဲ့ သွားခဲ့တဲ့အချိန်တုန်းကလည်း ချင်းလဲန်းကောင်စီကို ကျနော်တို့ကလည်း လိုချင်နေတဲ့အတွက်ကြောင့် ချင်းပြည်အစိုးရကို ဖွဲ့ချင်တဲ့ အခါကြတော့ ဖြစ်မြောက်ရေးကို ဘယ်လို လုပ်ကြမလဲဆိုခဲ့စဉ်ကတည်းက CJDC အဖွဲ့ဝင်တွေကနေ CNO က ဥက္ကဌတာဝန်ကို ယူထားပေးနိုင်မလားလို့ ပြောတဲ့အခါမှာ ဝမ်းပန်းတသာ လက်ခံခဲ့ပါတယ်။ ကျနော်တို့ ကြိုးစား ပြောဆိုစည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ပြောတဲ့အတိုင်း သူရဲ့ ချန်နယ်က လွဲနေတော့ ကျနော်တို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ဘူး။ နောက် CJDCနဲ့ ICNCC နဲ့ ပေါင်းပြီးတော့မှ လုပ်မယ်ဆိုပြီးတော့ Perfect Plan ဆိုပြီး အားလုံးက တကယ်ဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘတ်ဂျတ်လည်း မြန်မာငွေ သိန်းထောင်ဂဏန်း ကုန်ခဲ့တယ်။ ပြည်ပအလှူရှင်တွေ အများကြီးနဲ့ ကျပ်သိန်းထောင်ဂဏန်းနဲ့ သွားနေတဲ့အချိန်တုန်းကလည်း ICNCC ဘက်ကလည်း ကျနော်တို့ရဲ့ MP တွေရယ်၊ CSO ရဲ့ ကိုယ်စားလှယ်တွေရယ် ကြိုးစားပြီးတော့မှ ဖြစ်မြောက်ရေး ကော်မတီခေါ်မလား ၊ အဓိက အရေးကြီးတာက မူတစ်ခု၊ ဥပဒေတစ်ခု ထွက်လာဖို့ အရေးကြီးတော့ ဥပဒေတစ်ခု ထွက်လာဖို့ ဦးဆောင်တာက ကျနော် MP ဖြစ်တဲ့ Pu Salai Lian Luai က အဲဘက် (ICNCC)က တာဝန်ယူထားတယ်။ ကျနော်က CJDC ဘက်ကနေမှ Constitution ဖြစ်မြောက်ရေးကော်မတီရဲ့ အဖွဲ့ဝင်၊ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီးတော့မှ ကျနော်တို့ဘက်က ချင်းလဲန်ကောင်စီ ဖြစ်ပေါ်လာနိုင်ဖို့အတွက် CJDC ဘက်မှာ ကျနော်က CNO/ CNDF ကိုယ်စားလှယ်အနေနဲ့ တက်တက်ကြွကြွပါဝင်ခဲ့တယ်။ ICNCC ဘက်ကနေလည်း အဲဒီလို ပါဝင်ခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ အဲတုန်းက ICNCC ဆိုတာ အစုအဖွဲ့တစ်ခုထဲကိုပဲ ကိုယ်စားမပြုဘူး။ CJDC ဆိုတာလည်း အစုအဖွဲ့တစ်ခုထဲကို ကိုယ်စားမပြုဘူး။ အဲဒီအစုအဖွဲ့တွေထဲမှာ နည်းနည်းအင်အားကြီးတဲ့အဖွဲ့တွေ၊ ဩဇာကြီးတဲ့ အဖွဲ့သော်လည်း အဖွဲ့အစည်းတစ်ခုထဲကို ကိုယ်စားပြုတဲ့ဟာ မဟုတ်တဲ့အခါကြတော့ အဲတုန်း CNO/ CNDF အနေနဲ့တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။
မေး – အခု စက်တင်ဘာလဒုတိယပတ်က ကျင်းပခဲ့တဲ့ ချင်းလဲန်းကောင်စီ ပေါ်ပေါက်ရေး ဆွေးနွေးမှုတွေမှာ CNO/ CNDF က ဘယ်လိုကြောင့် မပါဝင်ခဲ့ပါသလဲ။
ဖြေ – မပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းတွေကတော့ နံပါတ်တစ်က အခုအစည်းအဝေးကို ခေါ်တဲ့ CNF ရဲ့ သဘောထားအပေါ်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တာပါတယ်။ ဘာလို့လဲဆိုတော့ ICNCC နဲ့ CJDC နဲ့ ပူးပေါင်းပြီးတော့မှ ကြိုစားခဲ့ကြတဲ့ “ဆင်ပြောင်ကြီး အမြီးကြမှ ထစ်”သွားတဲ့ ဟာကို နားမလည်နိုင်ဘူး။ CNF သာ အဲဒီအချိန်တုန်းက ပူးပေါင်းပါဝင်ခဲ့မယ်ဆိုရင် ခုချိန်မှာ ချင်းလဲန်းကောင်စီက ထွက်ပြီးနေလောက်ပြီ။ ကယားပြည်နယ်ထက်ကို ချင်းပြည်အစိုးရက အရင် ဖွဲ့နေလောက်ပြီ။ အဲဒီအချိန်တုန်းက ဘာကြောင့် သူ မပါဝင်ခဲ့တာလဲဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ နားမလည်ပေမယ့် သေချာတာက အဲဒီအချိန်တုန်းက သူ မပါဝင်ခဲ့ပဲ ထွက်သွားပြီးတော့မှ သူရဲ့ အတောင်အောက်ကနေ သီးခြားထပ်ဖွဲ့ဖို့ လုပ်လာတဲ့အခါမှာ။ အခုကြည့်ပါ၊ အကြိုညှိနှိုင်းအစည်းအဝေးကနေ ဘာထပ်လုပ်ရလဲဆိုတော့ ဖြစ်မြောက်ရေး ကော်မတီ ထပ်ဖွဲ့နေရတယ်။ အစကနေ ပြန်လုပ်နေရတယ်။ ဟိုအရင်က ကျနော်တို့ ဆွဲထားတဲ့ CJDC ၁၈ ဖွဲ့၊ မျိုးနွယ်စု ခေါင်းဆောင်၊ မြို့နယ်ခေါင်းဆောင်တွေရဲ့ ကြားထဲမှာ သဘောထား အမြဲတမ်း ကွဲလွဲနေရတဲ့ ဟာတွေ ၊ အဲဒီ ၁၈ ဖွဲ့လုံး သဘောတူညီတဲ့ Draft (မူကြမ်း) တစ်ခု ထပ်ရလာဖို့ ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုက သူက အစကနေ ပြန်ပြီးတော့ လုပ်နေရ တာပါ။ အဲဒါတွေက ဘာအတွက်လည်းဆိုတာ ကျနော်တို့ နားမလည်နိုင်ဘူး။ ယုံကြည်မှုလည်း မတည်ဆောက်နိုင်ဘူး။
တကယ်တမ်းက CJDC ဆိုသည်မှာလည်း သူ(CNF)ကိုယ်တိုင် ဥက္ကဌအနေနဲ့ တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်း၊ ICNCC ဆိုတာမှာလည်း အစုအဖွဲ့ (၄)ခု ရှိတဲ့အထဲကနေ အစုအဖွဲ့တစ်ခုနေရာကို ယူထားတဲ့ဟာကနေမှ အဲနှစ်ဖွဲ့ ပေါင်းပြီး လုပ်ကြမယ့် ချင်းလဲန်းကောင်စီမှာ ဘယ်လိုမှ မဖြစ်မြောက်လာဖို့အတွက် သူကိုယ်တိုင် ပူးပေါင်းပါဝင်မှု မရှိခဲ့တဲ့ဟာ။ ခုကြမှ သူ့ရဲ့ ဦးဆောင်မှု အောက်ကနေ သွားမယ်ဆိုတော့ ကျနော်တို့ စိတ်ထဲမှာ မရိုးသားဘူးလို့ပဲ ခံစားမိတယ်လို့ ဆိုကြပါစို့။ ပိုဆိုးတာက ဒီကြားထဲမှာ တွေ့ရတဲ့အတိုင်းပဲ CNO/ CNDF သည် ဖလမ်းမြို့နယ်ကို ကိုယ်စားမပြုပါဘူးဆိုတဲ့ ပုံစံတွေ အများကြီး၊ သူက လုပ်လာတယ်။ လက်တွေ့မှာလည်း တပ်စခန်းတွေကိုလည်း အများကြီး တိုးချဲ့လာပြီးတော့မှ ဖလမ်းမြို့နယ်ထဲမှာ CNO/ CNDF ပဲ ရှိတာ မဟုတ်ဘူး။ CNA/ CNF လည်းရှိတယ်။ ဟိုအဖွဲ့လည်း ရှိတယ်။ ဒီအဖွဲ့လည်း ရှိတယ်ပုံစံမျိုးနဲ့ လုပ်လာတဲ့အခါကြတော့ အဲလိုမျိုး ယုံကြည်မှု တည်ဆောက်ဖို့အတွက်၊ ပူးပေါင်းပါဝင်ဖို့အတွက် သူ့တစ်ယောက်ထဲ သဘောထားနဲ့ သွားရမယ့် ပုံစံမျိုးမှာ ပါဝင်ဖို့က အဆင်မပြေဘူး။ ICNCC နဲ့ CJDC တို့ဆိုတာက အထဲမှာရှိတဲ့ အဖွဲ့ဝင် အချင်းချင်း၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှု မတည် ဆောက်နိုင်ဘူးဆိုရင်တောင်မှ အဖွဲ့ပေါင်းချုပ်ဖြစ်တဲ့အခါကြတော့ အဖွဲ့တစ်ခုထဲရဲ့ သဘောထားက သိပ်ပြီးတော့ အရေးမပါတဲ့ အနေအထားမျိုးမှာ ရှိတယ်။ အခုကြတော့ သူကနေပြီးတာ့မှ အစည်းအဝေးကို ခေါ်လိုက်ပြီးတော့ သူကနေ ကမကထ လုပ်ရတဲ့ အနေအထားဖြစ်တဲ့အခါကြတော့ ပါဝင်ဖို့ဆိုတာ သူ့ရဲ့ သဘောထားအပေါ်မှာ ယုံကြည်မှု တည်ဆောက်နိုင်မှ လုပ်လို့ ရမယ့်အနေ အထားမျိုး ရှိနေတဲ့အခါကြတော့ ကျနော်တို့ ကြိုးစားခဲ့တဲ့ သမိုင်းကြောင်းအရသော်လည်းကောင်း၊ ပါဆင်နယ်နယ်မြေကိစ္စအရ ကြည့်တဲ့အခါကြသော်လည်းကောင်း CNF က သဘောထား မှန်ကန်မှု မရှိဘူးလို့ ယူဆရတဲ့အတွက်ကြောင့် ရိုးသားမှု မရှိတဲ့ ဖွဲ့စည်းပုံမှာ ပါဝင်ရင် ကြားညှပ်တဲ့ ပါဝင်မှုပဲ ဖြစ်သွားမယ်။ ကျနော်တို့ ခေါင်းဆောင်တွေက သွားပါခဲ့ရင်တောင်မှ ထွက်လာတဲ့ ရလဒ်က ကျနော်တို့ မြို့နယ်မှာရှိတဲ့ လူတွေရဲ့ သဘောထားနဲ့ မကိုက်ညီတဲ့အခါကြရင် ကျနော်တို့ကိုယ်တိုင်က အလိုလိုနေရင်းနဲ့ သမိုင်းတရားခံတွေ ဖြစ်သွားမှာလည်း စိုးရိမ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီလမ်းကြောင်းကတော့ မဖြစ်သင့်ဘူး။ အဖွဲ့အစည်းတစ်ခုထဲကနေပြီးမှ ဖွဲ့စည်းလိုက်တဲ့ ချင်းလဲန်းကောင်စီမျိုးမှာတော့ ပါလို့ မဖြစ်ဘူး။ ရှိပြီသား CJDC သော်လည်းကောင်း သို့မဟုတ် ICNCC သော်လည်းကောင်း သို့မဟုတ် အဲဒီနှစ်ခု ဖွဲ့စည်းထားတဲ့ အဖွဲ့ကနေမှ အားလုံး ပြန်ပါကြမယ့်အရေးလား၊ ဒါမှ မဟုတ်ရင် ခုဏကလို အဖွဲ့အစည်း တစ်ခုထဲကနေ ကမကထ လုပ်ပြီးတော့မှ လက်ဖက်ရည်တိုက်ပြီး ခေါ်တဲ့ အစည်းအဝေးမျိုး မဟုတ်တဲ့၊ ဖြစ်မြောက်ရေး ပုံစံမျိုးမှာ ဆိုရင်တော့ ပိုဆင်ပြေလိမ့်မယ်။ အဲလိုမဟုတ်ပဲနဲ့ အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့်အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့်၊ တကယ်လည်း အဲလိုမျိုးဆိုရင်လည်း အဆင်ပြေမှာ မဟုတ်ပဲနဲ့၊ အချိန်ကုန် လူပမ်းပဲ ဖြစ်မယ်လို့ ယူဆတဲ့အတွက် မပါဝင်ရခြင်းဖြစ်ပါတယ်။
မေး – အခုလက်ရှိ သွားနေတဲ့ ပုံစံနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထားရှိပါသလဲခင်ဗျ။
ဖြေ – အခုလည်း မတူပီကနေလည်း တောင်းဆိုနေပါတယ်။ အခုလည်း CNF က ဦးဆောင်နေတာကို အားလုံးကလည်း သိနေတဲ့အခါကြတော့ ခင်ဗျာသဘောထား၊ တကယ်မှန်ကန်တယ်ဆိုရင် ကျနော်တို့ မြို့နယ်ထဲက ခင်ဗျာလုပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေး ကိစ္စတွေ အားလုံးကို အကုန်ပြန်ရုပ်သိမ်းပေးပါ။ အဲလိုမှ မရုပ်သိမ်းဘူးဆိုရင် ကျနော်တို့ ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုပြီး တောင်းဆိုမှုတွေ ရှိထားပါတယ်။ ဇိုလန်းထဲမှာလည်း တချို့သော တပ်စခန်းတွေကို Zoland CDF ကနေ ရုတ်သိမ်းပေးဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ ခုဒီကိစ္စကို ခေါင်းတည်ပြီး စီစဉ်နေတဲ့ CNF အနေနဲ့ မြို့နယ်တွေ ကြားထဲမှာ ယုံကြည်မှုကို မတည်ဆောက်ထားဘူး။ မတည်ဆောက်ထားတော့ မြို့နယ်အဖွဲ့အစည်းတွေက CNF အပေါ်မှာ အယုံအကြည် မရှိတဲ့အခါကြတော့ သူ့ကို ခေါင်းတည်လုပ်ထားတဲ့ ကောင်စီမျိုးက မြို့နယ်တွေရဲ့ ပူးပေါင်းပါဝင်မှုက တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်လို့ ယူဆထားပါတယ်။ အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခုက ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်း တည်ဆောက်နိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ စောစောက ကျနော် ပြောတဲ့အတိုင်း အဖွဲ့အစည်းတစ်ခုကနေမှ ခေါင်းတည်လိုက်တဲ့ ပုံစံမျိုး မဟုတ်ပဲနဲ့ စုဖွဲ့ထားတဲ့ အသင်းချုပ်ကနေမှ လုပ်ထားတဲ့ ဟာမျိုးဆိုရင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြား ထဲမှာရှိတဲ့ မပြေလည်မှု ရှိနေခဲ့ရင်တောင်မှ သွားနိုင်မယ့် အနေအထားမျိုးမှာရှိတယ်လို့ ကျနော် ယူဆတယ်။ အခုလို အဖွဲ့အစည်းတစ်ခုကို အဓိက ခေါင်းတင်ပြီးတော့မှ သူရဲ့ အတောင်အောက်ကနေမှ သူ့ရဲ့Branch (အခွဲတစ်ခု)တစ်ခုလိုမျိုး ထောင်တဲ့ ကိစ္စမျိုးမှာတော့ အောင်မြင်ဖို့ အရမ်း ခက်လိမ့်မယ်လို့ ယူဆတယ်။ အဲလိုမျိုး အောင်မြင်ချင်တယ်ဆိုရင်တော့ အဲလိုကမကထ လုပ်တဲ့အဖွဲ့အစည်းက ကျန်တဲ့အဖွဲ့အစည်းတွေအပေါ်မှာ သူတို့ ယုံကြည်မှု ပျက်ပြားအောင် လုပ်ထားတဲ့ကိစ္စတွေကို ပြန်လည် တည်ဆောက်နိုင်မှ အဆင်ပြေမယ်လို့ မှတ်ချက်ပြုချင်ပါတယ်။
မေး- ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့က ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်လိုနှစ်ဖက် ပြေလျော့မှုတွေလုပ်ပြီး ချင်းလဲန်းကောင်စီပေါ်ပေါက်နိုင်ဖို့ စည်းလုံးညီညွတ်စွာ သွားနိုင်မလဲခင်ဗျာ။
ဖြေ – CNF ဆိုတာက EAO အနေနဲ့ ရပ်တည်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းပေါ့နော်။ အရင်သူတို့ ရပ်တည်ခဲ့ကတည်းက သူတို့က အုပ်ချုပ်ရေးနဲ့ တွဲခဲ့တာ မရှိဘူး။ နွေဦးတော်လှန်ရေး စတဲ့အချိန်မှာလည်း သူက အုပ်ချုပ်ရေးနဲ့ မတွဲပဲနဲ့ သူဟာသူ၊ တပ်ကိုပဲ တည်ဆောက်လာတဲ့ အဖွဲ့အစည်းပေါ့နော်။ ကျနော်တို့ မြို့နယ်အလိုက် သော်လည်းကောင်း၊ မျိုးနွယ်စု အလိုက်သော်ကောင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာတဲ့အခါမှာ တိုက်ခိုက်မှုသာ မဟုတ်ပဲနဲ့ နယ်မြေစိုးမိုးရေး ၊ အုပ်ချုပ်ရေးနဲ့ပါ တွဲပြီးတော့ လုပ်လာတယ်။ ဆိုတော့ ၂နှစ်တာ ကာလအတွင်းမှာ မြို့နယ်အလိုက် နယ်မြေထိန်းချုပ်မှုက တော်တော်လေး ရှိသွားပြီ။ သူ့မြို့နယ်အလိုက်က တစ်ရာမှာ တစ်ရာရာခိုင်နှုန်း မဟုတ်သော်လည်းပဲ၊ ချင်းပြည်အစိုးရကို ဖော်ဆောင်ဖို့ လုံလောက်တဲ့ နယ်မြေအနေအထားကို ရောက်လာတယ်။ အတိုးအလျော့အနေနဲ့က ကျနော်တို့က နယ်မြေတွေ ပေါင်းပြီးမှ မြို့နယ်တွေ ဖြစ်မယ်၊ မြို့နယ်တွေ ပေါင်းပြီးမှ ချင်းပြည်နယ်ဖြစ်လာမှာဆိုတော့ အရေးကြီးတာက မြို့နယ်တွေ ပေါင်းလိုက်ဖို့ အရေးကြီးတယ်။ မြို့နယ်မှာ မျိုးနွယ်စုတွေ အများကြီးရှိပါတယ်။ တချို့မျိုးနွယ်စုတွေက မြို့နယ်တွေထဲမှာ သီးခြားလက်နက်ကိုင်တာတွေ ရှိတယ်။ ဒါက မြို့နယ်အဆင့်တွေရဲ့ သီးခြားစိန်ခေါ်မှုလို့ပဲ ထားလိုက်ပါ။ ဆိုတော့ မြို့နယ် ၉ ခုကို ပေါင်းလိုက်ဖို့ လိုအပ်တဲ့အခါမှာ တနည်းအားဖြင့် ချင်းပြည်နယ်မှာရှိတဲ့ နယ်တွေ ပေါင်းလိုက်ရတဲ့အခါမှာ နယ်ကို ပိုင်စိုးမှု နယ်မြေ မရှိပေမယ့်လည်း ချင်းပြည်တခုလုံးရဲ့ ကိုယ်စားလှယ် ဝင်လာတာမျိုးက လက်ခံလို့ရပါတယ်။ MP တွေလည်း နယ်မြေစိုးမိုးမှု ရှိလို့ မဟုတ်ဘူး။ ဒါပေမယ့် ချင်းပြည်သူတွေ ရွေးခဲ့တဲ့ MP (လွှတ်တော်ကိုယ်စားလှယ်များ) တွေဖြစ်လို့ ပေါ်လာမယ့် ချင်းလဲန်းကောင်စီမှာ လက်ခံလို့ ရပါတယ်။ လက်ခံလို့ ရတဲ့အနေအထားနဲ့ အတိုင်းအတာတွေလည်း ရှိပါတယ်။ ချင်းပြည်တခုလုံးအနေနဲ့ ပေါင်းလိုက်မယ်ဆိုရင်လည်း CNF ပါဝင်မှာကို ကျနော်တို့က လက်ခံပါတယ်။ ကြိုဆိုပါတယ်။ သို့ပေမယ့် ကျနော်တို့ အားလုံးပေါင်းပြီးတော့မှ CNF အောက်မှာ ဝင်မယ်ဆိုတာကိုတော့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။ သူလည်းကောင်းကောင်းသိပါတယ်။ သူ့ဘက်က အလျော့ပေးဖို့ လိုတာက သူသည် One among us ကိုလက်ခံရင် ကျနော်တို့ဘက်က အလျော့အတင်းအများကြီး လုပ်လို့ ရပါတယ်။ အခုက သူက One among us ကို လက်မခံနိုင်ပဲနဲ့ သူက ဖန်ဆင်းရှင်၊ သူက မွေးဖွားပေးပေးတဲ့ သူလို့ သူဟာသူ ခံယူနေသမျှ ကာလပတ်လုံးကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်က သူ့ကို ပေးထားတဲ့ နေရာက အကြီးကြီးပါ။
CJDC ဖွဲ့တုန်းကတောင်မှ မြို့နယ်တစ်ခုကနေ ကိုယ်စားလှယ် ၂ ယောက်လို့ ပြောထားတဲ့အချိန်မှာ သူ့အဖွဲ့က ကိုယ်စားလှယ် ၃ ယောက်ဆိုပြီး ပေးထားပါတယ်။ ပြီးတော့ CJDC ကနေ Drafting (မူကြမ်း) လုပ်တုန်းကလည်း မြို့နယ်တစ်ခုကနေ ကိုယ်စားလှယ် ၆ ယောက် သွာမယ်လို့ မူကြမ်းဆွဲခဲ့တုန်းက CNF အနေနဲ့ ၁၃ ဦးအထိ အဆိုပြုထားပါတယ်။ ပြောချင်တာက မြို့နယ်တစ်ခုရဲ့ ကိုယ်စားလှယ် နှစ်ဆအထိ နေရာပေးထားပါတယ်။ ထိုနည်းလည်းကောင်းပဲ ICNCC မှာလည်း အစုအဖွဲ့ ၄ ခုရှိတဲ့အထဲက မြို့နယ် ၉ ခုက MP တွေက အစုအဖွဲ့တစ်ခုဖြစ်တဲ့အချိန်မှာ CNF က သူတစ်ဖွဲ့ထဲနဲ့ အစုအဖွဲ့တစ်ခုအဖြစ်ပေါ့နော်။ CNF က စီနီယာဖြစ်တဲ့အပေါ်မှာ အနှစ် ၃၀ လုံးလုံး တော်လှန်ရေး လုပ်ခဲ့တဲ့အပေါ်မှာ အင်အားအကြီးဆုံး ဖြစ်တဲ့အပေါ်မှာ အသိအမှတ်ပြုပြီးတော့မှ နေရာပေးပါတယ်။ ဒါပေမဲ့ အဲလောက်နဲ့ မလုံလောက်ပဲနဲ့ သူက နေရာအကုန်ယူပြီးတော့ ကျနော်တို့ကို အဆင်ပြေသလို နေရာပေးမယ်ပုံစံမျိုးနဲ့ကတော့ အလျော့အတင်းက ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျနော်တို့ သူကို အကိုကြီးနေရာမှာ ထားပြီးတော့မှ မြို့နယ်တွေရဲ့ နှစ်ဆ သော်လည်းကောင်း၊ မြို့နယ်ထက် နည်းနည်းပိုပြီးတော့ လည်းကောင်း ခွဲတမ်းတွေ ချပေးတဲ့အခါမှာ သူ့အနေနဲ့ စောစောက ပြောတဲ့အတိုင်း One among us ညီအစ်ကိုဆိုတဲ့ စိတ်ဓါတ် မွေးနိုင်မှ ကျနော်တို့က အဆင်ပြေမှာ။ သိတဲ့အတိုင်းပဲ စစ်တပ်မှာက အထက်အောက်ရှိတယ်။ ဒါပေမဲ့ နိုင်ငံရေးမှာက အထက်အောက် မရှိဘူး။ အကုန်လုံးက အလျားလိုက်ပဲ ပူးပေါင်းရတာကိုး။ NUG နဲ့တောင်မှ ကျနော်တို့က အထက်နဲ့ အောက် ဆက်ဆံချင်တာ မဟုတ်ဘူး။ ကျနော်တို့က အလျားလိုက်ပဲ သွားချင်တာ။ ဆိုကြပါစို့။ ချင်းလဲန်းကောင်စီ ရွေးကောက်လိုက်မယ်ဆိုရင် ဥက္ကဌ လိုလာမှာပဲ၊ ချင်းအစိုးရ ဖွဲ့လာရင် ဝန်ကြီးချုပ်တွေ လိုအပ်လာမှာပဲ။ သူအနေနဲ့ တကယ် အရည်အချင်းရှိတယ်။ သူ့အဖွဲ့တွေအပေါ်မှာ လွှမ်းမိုးနိုင်တယ်ဆိုရင် ဝန်ကြီးချုပ်ဖြစ်အောင် မဲဆွဲ စည်းရုံးလေ။ သူ့ဟာ ဝန်ကြီးချုပ် ဖြစ်သွားရင် ဖြစ်သွားမှာပဲ။ အဲလိုပုံစံမျိုးဆိုရင်တော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် လက်ခံပေးဖို့ ရကောင်း၊ ရနိုင်ပါလိမ့်မယ်။ အဲလိုမဟုတ်ပဲနဲ့ သူကပဲ ချင်းပြည်နယ်အစိုးရကို သူပဲ ဖွဲ့၊ ချင်းကောင်စီကို သူပဲဖွဲ့၊ သူလက်အောက်မှာ ဝင်ချင်တဲ့ သူ ဝင်၊ သူ့ နောက်လိုက်ချင်တဲ့ သူလိုက်၊ မလိုက်ချင်တဲ့ သူက နေဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လိုအပ်တဲ့ အလျော့အတင်းက ချင်းမှာရှိနေတဲ့အစုအဖွဲ့တွေထဲမှာ One among us သူ့ဘက်က လျော့ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အဆင်ပြေလောက်တယ်။
မေး – အတိုချုပ်လေ ပြန်ပြောပေးပါလား။
ဖြေ- အကျဉ်းချုပ် ပြောရရင် အလျော့အတင်းကတော့ CNF အနေနဲ့ သူဟာသူ The Father of All ဆိုတဲ့ စိတ်ဓါတ်ကို လျော့ပြီးတော့မှ သူ့ဟာ သူ One among us သဘောထားမျိုးနဲ့ ဝင်လာမယ်ဆိုရင်တော့ ကျနော်တို့ ဘက်က ကြိုဆိုလက်ခံ ထားပြီးသာပါ။ သူ့ကို အကိုကြီး နေရာမှာ ထားပြီးသား ဆိုတာကို ပြောချင်ပါတယ်။
မေး – ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပါ။
ဖြေ – ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ လိုအပ်တာက ဘယ်သူတွေပဲ ဖြစ်ဖြစ် ၊ ဟို လူဆိုတာက အစုအဖွဲ့တွေ ဖြစ်လာရင် အင်အားကြီးတဲ့ အဖွဲ့တွေ ရှိမယ်။ အားနည်းတဲ့ အဖွဲ့တွေ ရှိမယ်။ အစုအဖွဲ့တစ်ခုချင်းစီဟာ အစုအဖွဲ့တစ်ခုချင်းစီရဲ့ စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ ဥပမာ – UN မှာ ဆိုရင် အားအကြီးဆုံးက US ဖြစ်ပါတယ်။ ဒါပေမဲ့လည်း US က သူဟာ နိုင်ငံ ၁၀ ခုရဲ့ ပုံစံမျိုး မယူထားပါဘူး။ သူ့သဘောထားက UN ရဲ့ သဘောထား ထက်ဝက်ဆိုပြီး မယူထားပါဘူး။ နိုင်ငံတစ်ခုအနေနဲ့ပဲ ပါဝင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုအနေနဲ့ပဲပါဝင်ပေမယ့်လည်း UN မှာ ရှိတဲ့ မန်ဘာတွေကလည်း သူကို လေးစားမှု ထားကြပါတယ်။ US သဘောထား ဘယ်လိုရှိမလဲဆိုတာ အလေးထားတဲ့အဖွဲ့က အလေးထားပါတယ်။ သူလည်း UN မှာ အထိုက်အလျောက် ဩဇာရှိပါတယ်။ ထိုနည်းအတိုင်း ခရစ်ယာန်အသိုင်းအဝိုင်းကို ပြောမယ်ဆိုရင် မြန်မာပြည်မှာ ခရစ်ယာန်အသင်းတော်များ ကောင်စီမှာဆိုရင် ကျန်တဲ့အသင်းတော်အားလုံးပေါင်းက နှစ်ခြင်းအသင်းတော်ရဲ့ တစ်ဝက်တောင် မရှိပါဘူး။ ဒါပေမဲ့ နှစ်ခြင်းအသင်းတော်က အဖွဲ့တစ်ခုကဲ့သိုပဲ ပါဝင်ပါတယ်။ ကိုယ်စားလှယ်အနေနဲ့က သူများထက် တစ်ယောက်၊ နှစ်ယောက်ပိုများတာ ရှိပေးမယ့် သူက MCC (မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ) ရဲ့ ပိုင်ရှင်လို မနေပါဘူး။ အုပ်ချုပ်သူလို မနေပါဘူး။ ဒီအတိုင်းပဲ ဖွဲ့စည်းမယ့် ချင်းလဲန်းကောင်စီသည်လည်းပဲ တစ်ခုတစ်ဖွဲ့က ခြယ်လှယ်ထားတဲ့ ၊ နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ချင်းလဲန်းကောင်စီမှာ ဘယ်သူမှ ပါဝင်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲအထဲမှာ ပါဖို့ဆိုတာက အရည်အချင်း ရှိတဲ့ သူက ရှိတဲ့အလျောက် နေရာ ရမှာပဲ။ နေရာ ရချင် ဇောနဲ့ မဖွဲ့ခင်ကတည်းက သေချာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုံစံလို လုပ်နေတာမျိုးက ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။