(005MK)
အမေရိကန်ပြည်ထောင်စုအခြေစိုက် Chin Baptist Association North America (CBANA) မှ တာဝန်ရှိ သူ များသည် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Dr. Vanlalhlana ကို သူ၏ ရုံးခန်းတွင် ယနေ့ဧပြီလ ၂၀ ရက်၌ သွားရောက်တွေ့ဆုံကာ မီဇိုရမ်အစိုးရအနေဖြင့် မြန်မာနိုင်ငံကစစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်မှုအပေါ် ကျေးဇူးတင်သည့်အနေဖြင့် ရူပီးငွေ ၈ သိန်း ၅ သောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံက ချင်းလူမျိုးအမြောက်အများသည် မီဇိုရမ်ပြည်နယ်သို့ မိမိအသက်လုံခြုံ ရေးအတွက် လာရောက်ခိုလုံကြရပြီး ၊ ထိုကဲ့သို့ခိုလုံလာကြသည့်အချိန်တွင် နိုင်ငံ၏တည်ဆဲဥပဒေများအရ အထောက် အထားများလိုအပ်မည်ဖြစ်သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် မည်သည့်အထောက်အထားမျှ တောင်းဆို ခြင်း မရှိသည်သာမက နွေးထွေးစွာလက်ခံကြိုဆိုသည့်အပေါ် လှိုက်လှိုက်လှဲလှဲဝမ်းသာကြောင်း ဖော်ပြသည့်အနေဖြင့် ယင်းငွေကြေးများအားပေးအပ်ခြင်းဖြစ်သည်ဟု CBANA ခေါင်းဆောင်များကပြောသည်။
အဆိုပါငွေကြေးများကို မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် လိုအပ်သည့်နေရာများတွင်အသုံးပြုရန် မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Dr.Vanlalhlana ကလည်း မိမိတို့သည် သွေးသားတော်စပ်ကြသည့် ညီအကိုများဖြစ် ကြသည့်အတွက် လူတွေကသတ်မှတ်ထားသော နယ်နိမိတ်မျဉ်းများက ပိုင်ခြားနိုင်မည်မဟုတ်ကြောင်း၊ ယခင်အစိုးရ လက်ထက်ကလည်း ညီရင်းအကိုလိုကောင်းမွန်သောဆက်ဆံမှုရှိခဲ့သည့်အတိုင်း မိမိတို့အစိုးရအနေဖြင့်လည်း ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယခုလက်ရှိမီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်၊ ဘဂ်လားဒေရှ့်နိုင်ငံက စစ်ဘေးရှောင်တစ်ထောင် ကျော် နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင် တစ်သောင်းကျော် ခိုလုံလျှက်ရှိကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ၏ မှတ် တမ်းအရသိရသည်။