(006SV)
ရခိုင်- မကွေးအစပ်၊ အမ်းမြို့နယ်ထဲက တိုက်ပွဲများကြောင့် စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်မ ၉၉ တပ်ဖွဲ့ ဝင်တချို့နှင့် အရှိုချင်းကာကွယ်ရေးတပ်- ACDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးသေဆုံးကြောင်း သိရသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တနေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီဖွဲ့ဝင် ၁၅ ဦးခန့်ကို အရှိုချင်းကာကွယ်ရေးတပ် – ACDF က တပ်စိတ် ၂ စိတ်ဖြင့် တားဆီးပိတ်ဆို့ရာ ဇန်နဝါရီလ ၁၉ ရက် ညနေ ၄နာရီခန့်တွင် တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားခြင်းဖြစ်သည်။
“ကျနော်တို့က သတင်းရလို့ တပ်စိတ် ၂ စိတ် ခွဲပြီးတော့ စောင့်တာပေါ့နော်။ ပထမတပ်စိတ်က သူတို့ကို အသာတကြည် လက်နက်ချ အလင်းဝင်ဖို့ ပြောတာ သူတို့က မချဘဲနဲ့ ခုခံတယ်။ ထွက်ပြေးတာတွေ လုပ်တယ်။ အဲဒါ ပထမတပ်စိပ်နဲ့ တိုက်ပွဲ ဖြစ်တယ်။ ဒုတိယတပ်စိပ်က ရှင်းလင်းရေး ပြန်ဝင်တယ်။ သူတို့ တကွဲတပြား ပြေးကြတယ်။ အခုလည်း အကုန်လုံးကို ဖမ်းဆီးရမိအောင် လိုက်လံ ရှာဖွေနေတယ်” ဟု ACDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ခနီလေဗွေက ပြောသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA 1 သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်း ရမိကြောင်း၊ ACDF ရဲဘော်များ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။
ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်မ ၉၉ က ဖြစ်ပြီး ယင်းတပ်မသည် မိတ္ထီလာမြို့တွင် အခြေစိုက်ထား သော စစ်နယ်ဝန်းပုံသေ မသတ်မှတ်ထားသော စစ်ကောင်စီ၏ တိုက်ခိုက်ရေးတပ်ဖြစ်သည်။
ရခိုင်- မကွေးအစပ် အမ်းမြို့နယ်အတွင်းက အမ်း – ပဒါန်းကားလမ်းမအနီးရှိ ကမြင်းကန် ၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ULA/AA တို့ကြား အပြန်အလှန် ထိုးစစ်၊ ခံစစ်များဖြင့် တိုက်ပွဲများ တပတ်ကျော်ကြာအထိ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။
တပ်မ (၈၈) ၊ (၉၉) လက်အောက်ခံ တပ်ရင်းများ၊ မကွေးတိုင်းထဲက ကပစ တပ်ဖွဲ့ဝင်များ ပူးပေါင်းထားသော စစ်ကောင်စီတပ်နှင့် ULA/AA တို့ ဇန်နဝါရီလ ၁၁ ရက်ကတည်းက တိုက်ပွဲများ စတင်ပြင်းထန်နေသည်ဟု ULA/AA က ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်သည်။
အမ်း- ပဒါန်းလမ်းမပေါ်က တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်သည် ULA/AA တပ်စခန်းများကိုလည်း အကြိမ်ကြိမ် ထိုးစစ် ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးများဖြင့် ဆုတ်ခွာထွက်ပြေးရသည်ဟု ULA/ AA က ထုတ်ပြန်သည်။
ရခိုင်- မကွေးအစပ်က တိုက်ပွဲများကြောင့် စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ ပိတ်ဆို့တိုက်ခိုက်ပြီး စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရမိထား ကြောင်း သိရသည်။