(005MK)
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာခွင့်ကို အာသံရိုင်ဖယ်တပ်ဖွဲ့က ဧပြီလ ၁၉ ရက်နေ့က စတင် ပိတ်ပင်လိုက်ပြီး မြန်မာဘက်ခြမ်းမှ အိန္ဒိယဘက်သို့ မည်သူမျှ ဝင်/ထွက်သွားလာ၍မရတော့ကြောင်း သိရသည်။
ယမန်နေ့ကစ၍ အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိ-ဇိုခေါထာရ် ချစ်ကြည်ရေးတံတားကို ပိတ်ပင်လိုက်သည့်အပြင် အခြားသော တရားမဝင်လမ်းကြောင်းမှတဆင့် မီဇိုရမ်ပြည်နယ်ဘက်သို့ ဝင်ရောက်နိုင်သော လမ်းကြောင်းအားလုံးကိုလည်း အာသံရိုင်ဖယ်တပ်ဖွဲ့က အစောင့်များချထားကာ ပိတ်ပင်ထားသည်ဟု သိရသည်။
မီဇိုရမ်ပြည်နယ် Serchhip မြို့မှ အာသံရိုင်ဖယ် (Assam Rifle) အရာရှိတစ်ဦး ဇိုခေါထာရ်သို့ ရောက်ရှိလာပြီးနောက် ထိုအမိန့်ကို ထုတ်ပြန်ခြင်းဖြစ်သည်ဟု ဇိုခေါထာရ်ကျေးရွာက မီဇိုးလူငယ်အသင်း (YMA) အတွင်းရေးမှူးကပြောသည်။
“အာသံရိုင်ဖယ် အရာရှိတစ်ဦးရောက်ရှိလာတယ် သူပြောတာက ဗဟိုအစိုးရထံကနေ အမိန့်ကျလာပြီး ခုလို နယ်စပ်ဖြတ်ကျော်သွားလာခွင့်ကိုပိတ်ပင်ရတာလို့ပြောပါတယ်၊ ဒီ ၁၀ ရက်အတွင်းမှာ လူအဝင်/အထွက်လုပ်လို့မရဘူး၊ နေ့စဉ်မဖြစ် မနေလိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကိုတော့ နားလည်မှုနဲ့ရဦးမယ်၊ အရင်တုန်းကလို ဟိုဘက်ဒီဘက် ကြိုက် သလိုဝင်လို့မရတော့ဘူး ကုန်ပစ္စည်းတွေသယ်လို့မရတော့ဘူး၊ နောက်ပိုင်းမှာဘယ်လိုဖြစ်လာမလဲတော့ ကျနော်တို့ လည်းမသိရဘူး၊ ပိုပြီးတင်းကြပ်လာမလားတော့ မပြောတတ်ဘူး” ဟု ၎င်းကပြောသည်။
ယခုလက်ရှိတွင် ချင်းပြည်နယ် ရိခေါဒါရ်မြို့မှ မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာသို့ နေ့ချင်းပြန် ကျောင်းတက်နေကြ သော ကျောင်းသူ၊ ကျောင်းသားများနှင့် ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေများကိုသာ ခြွင်းချက်အဖြစ် နယ်စပ် ဖြတ်ကျော်ခွင့်ပြုထားသည်ဟု သိရသည်။
ရိ-ဇိုခေါထာရ်ကုန်သွယ်ရေးသည် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသောစခန်းဖြစ်ပြီး နေ့စဉ်နှင့်အမျှ မြန်မာ-အိန္ဒိယ ထွက်ကုန်ပစ္စည်းများ အပြန်အလှန်သယ်ယူပို့ဆောင်သည့်လမ်းကြောာင်းဖြစ်သည်။
ယခုကဲ့သို့ နယ်စပ်ချစ်ကြည်ရေးတံတားနှင့် အခြားဝင်ပေါက်များအားလုံး အာသံရိုင်ဖယ်တပ်ဖွဲ့က ပိတ်ပင်ထားလိုက်သည့်အတွက် နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်သွားပြီး နယ်စပ်ကုန်သွယ်ရေးကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေသော ထောင်နှင့်ချီသော ဒေသခံပြည်သူများ အခက်ကြံနေကြရသည်ဟု သိရသည်။
ထို့အပြင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းကလေးမြို့ဘက်မှ စစ်ဘေးရှောင်ပြည်သူများကိုလည်း ဝင်ခွင့်မပြုတော့သည့်အတွက် များစွာအခက်အခဲဖြစ်လာနိုင်သည်ဟု သိရသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့က နယ်စပ်ဝင်/ထွက်သွားလာခွင့်အား ယခုကဲ့သို့ ပိတ်ပင်မှုသည် အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်စနစ် (Free Movement Regime) ဖျက်သိမ်းမှုကို လက်တွေ့အကောင်အထည်ဖော်လာခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။