(006SV)
ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံးသည် ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ အောင်မြင်နိုင်ရေးအတွက် စစ်မှုထမ်းတာဝန်တွင် ပူးပေါင်းပါဝင်ကြရန် CDF – KKG က တိုက်တွန်းသည်။
CDF – KKG ၏ ဒုတိယအကြိမ် အထွေထွေညီလာခံနှင့်ပတ်သက်၍ မတ်လ ၂၉ ရက်က ထုတ်ပြန်ရာတွင် ယင်းသို့ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်သည်။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် လက်ရှိ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ ကလေး- ကဘော်- ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူ အားလုံး စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းပါဝင်ကြရန် CDF – KKG တိုက်တွန်းသည်။
နွေဦးပြည်သူ့ တော်လှန်ရေး ၅ နှစ်တာအတွင်း CDF – KKG မှ ရဲဘော် ရဲမေ ၉၂ ဦး ကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ ရဲဘော် စုစုပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရသည်။
“တော်လှန်ရေးအတွက် အသက်နှင့် ခန္ဓာ ပေးလှူခဲ့ကြကုန်သော အာဇာနည်အပေါင်းကို အစဉ်အောက်မေ့လျက် ဂုဏ်ပြုဦးညွတ်အလေးပြုပါကြောင် ဖော်ပြအပ်ပါသည်” ဟု CDF – KKG က ဆိုသည်။
လက်ရှိတွင် စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲမှတဆင့် အမည်ခံအစိုးရတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာနှင့် ပြည်တွင်းမျက်နှာစာတွင် တရားဝင်မှု ရရှိနိုင်ရေးအတွက် မသမာမှု နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိကြောင်း၊ စစ်အုပ်စု၏ အာဏာတည်မြဲရေးနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်မှ မှန်သမျှကို ဆန့်ကျင် တိုက်ဖျက်မည်ဟု သိရသည်။
စစ်အုပ်စု၏ လုပ်ဆောင်မှု မှန်သမျှသည် တရားဝင်မှု မရှိသည့်အပြင် ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကြောင်း CDF – KKG က တရားဝင်ကြေညာသည်။
တော်လှန်ရေး အင်အားစုများအကြား ပေါင်းစည်းညီညွတ်ရေးကို အစဉ်လိုလားပြီး အချင်းချင်းကြား သဘောထား ကွဲလွဲမှုနှင့် သွေးထွက်သံယိုဖြစ်မှုများကို လုံးဝ မလိုလားကြောင်း၊ စစ်ကောင်စီ ဘုံရန်သူကို တိုက်ဖျက် အောင်နိုင်ရေး အတွက် တောလှန်ရေး အင်အားစုများအားလုံး စည်းလုံးညီညွတ်ရေး ကြိုးပမ်းဆောင်ရွက်ရန်လည်း အထူး တိုက်တွန်း သည်။
နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်သော မည်သည့် တော်လှန်ရေးအဖွဲ့အစည်းနှင့်မဆို လက်တွဲ ဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း ဘုံရည်မှန်းချက်တူ မည်သည့် အင်အားစုများနှင့် မဆို ချိတ်ဆက်လက်တွဲရန် အမြဲအဆင်သင့် ရှိကြောင်း CDF- KKG ထံမှ သိရသည်။
CDF -KKG ၏ ဒုတိယအကြိမ် အထွေထွေ ညီလာခံကို ၎င်းတို့ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် မတ်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုကော်မတီဝင်များ၊ တပ်ရင်း ၇ ရင်းမှ ကိုယ်စားလှယ်များ၊ ရပ်ရွာလူထုကိုယ်စားပြု ကိုယ်စားလှယ်များနှင့် လေ့လာသူများ၊ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။
ညီလာခံတွင် CDF- KKG ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ သက်တမ်းအသစ်တွင် တာဝန်ထမ်းဆောင်မည့် ဗဟိုကော်မတီဝင်များနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ရွေးချယ်တင်မြှောက်ခြင်း၊ မဟာဗျူဟာမြောက် မူဝါဒနှင့် ရှေ့လုပ်ငန်းစဉ် ချမှတ်ခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ကလေး- ကဘော် – ဂန့်ဂေါရှိ ပြည်သူများနှင့် တနိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေး ပန်းတိုင်းကို မဆုတ်မနစ် ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြရန် CDF- KKG က တိုက်တွန်းသည်။

