(006SV)
အာဏာသိမ်းစစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲများအပြီး နေပြည်တော်တွင် ယနေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေး စတင်ကျင်းပခဲ့ရာ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံခိုင်ရေးပါတီ ဥက္ကဌ ခင်ရီသည် ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌအဖြစ် လက်ရှိ အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်ကြားရေးဝန်ကြီးဖြစ်သည့် ဦးမောင်မောင်အုန်းက ရွေးကောက်တင်မြောက်ခံရသည်ဟု သိရသည်။
ယနေ့ မတ်လ ၁၆ ရက် ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးကို သဘာပတိအဖြစ် ဦးနန္ဒကျော်စွာက ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ၃၇၃ ဦးတို့သည် ရာနှုန်းပြည့် တက်ရောက်သည်ဟု သိရသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားသည့် ဟူသော စွပ်စွဲ ချက်များဖြင့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း လွှတ်တော်စတင်ခေါ်ရန် ရက်ပိုင်းအလိုတွင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ ခေါင်းဆောင်များအပါအဝင် တာဝန်ရှိသူများကို ဖမ်းဆီးကာ အာဏာသိမ်းမှု ပြုလုပ်ခဲ့ပြီးနောက် ၅ နှစ်ကျော်အကြာတွင် အငြင်းပွားဖွယ် ရွေးကောက်ပွဲများ ကျင်းပ၍ တတိယအကြိမ်လွှတ်တော်ကို စတင်ခေါ်ယူခြင်းဖြစ်သည်ဟု သိရသည်။

