ပြည်သူများ၏ ဝေဖန်ထောက်ပြမှုကို ကြိုဆိုကြောင်းဆို
(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ခရီးသွားလူငယ် ၁၆ ဦးကို လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်ဖြင့်ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်အတွက် တာဝန်ရှိသူများက ကာယကံရှင်လူငယ်များကို တရားဝင်တောင်းပန်ခဲ့ကြောင်း CDF – ဟားခါးက ယနေ့ မတ်လ ၁၂ ရက် မှာ ထုတ်ပြန်သည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်က CDF-Hakha ၏ စစ်ဆေးရေးဂိတ်တစ်ခု၌ တာဝန်ကျတပ်ဖွဲ့ဝင်အချို့သည် ခရီးသွားလာနေသည့် လူငယ် ၁၃ ဦးကို (၂) ကြိမ်စီနှင့် အခြားလူငယ် ၃ ဦးကို (၁) ကြိမ်စီ တုတ်ဖြင့် ရိုက်နှက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့ခြင်းဟု သိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွါးပြီးနောက် နှစ်ဖက်တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး CDF-Hakha တပ်ဖွဲ့က လုပ်ထုံး လုပ်နည်းနှင့် မညီဘဲ တုတ်နှင့်ရိုက်နှက်ခဲ့မိသည့်အတွက် မှားယွင်းသွားကြောင်းဝန်ခံကာ ယခုကဲ့သို့ တရားဝင် တောင်းပန်စာ ထုတ်ပြန်လာခြင်း ဖြစ်သည်။
အရိုက်ခံရသည့် လူငယ်များဘက်ကလည်း မိမိတို့အချင်းချင်းကြား ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် နောင်တွင် အခြားသူများ ထပ်မကြုံတွေ့စေရန် သင်ခန်းစာတစ်ခု ဖြစ်စေလိုကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သိရသည်။
တွေ့ဆုံမှုအပြီးတွင် နှစ်ဖက်စလုံး လက်ဆွဲနှုတ်ဆက်ခြင်းနှင့် အတူတကွ ဆုတောင်းပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြန်လည်ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
CDF-Hakha သည် “ပြည်သူကို ပြန်လည်လေးစားရမည်” ဟူသော စည်းကမ်းချက်ကို အတိအကျရေးဆွဲထားသော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် နောင်တွင်လည်း CDF – ဟားခါး တပ်ဖွဲ့တပ်ဖွဲ့ဝင်များ၏ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် လုပ်ရပ်များရှိပါက ပြည်သူလူထုအနေဖြင့် မေတ္တာရှေ့ထားကာ ရဲရဲဝံ့ဝံ့ အကြံပြုထောက်ပြပေးရန် တိုက်တွန်းထားသည်။
ထို့အပြင် တိုင်းပြည်နှင့် လူမျိုးလွတ်မြောက်ရေးအတွက် ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

