(006SV)
ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ချင်းအမျိုးသား တက္ကသိုလ် (CNU) က ပညာရေး၊ ဥပဒေ၊ နည်းပညာနှင့် သက်မွေးပညာမဟာဌာနတို့သည် ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသူကျောင်းသားများ ခေါ်ယူနေကြောင်း ဒီဇင်ဘာလ ၁ ရက်မှာ ကြေညာသည်။
လာမည့် ဖေဖော်ဝါရီလ ၂ ရက်တွင် စတင်ဖွင့်လှစ်မည့် ချင်းအမျိုးသားတက္ကသိုလ်၏ ပညာရေးမဟာဌာနမှ လုပ်ငန်းခွင် ပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့ကြိုပညာရေး ဒီပလိုမာသင်တန်း၊ ဘွဲ့လွန်ပညာရေး ဒီပလိုမာသင်တန်း၊ ဥပဒေပညာမဟာဌာနမှ ဥပဒေပညာဘွဲ့ သင်တန်း၊ နည်းပညာနှင့် သက်မွေးပညာ မဟာဌာနအတွက် လျှပ်စစ်အင်ဂျင်နီယာ (AGTI) ၊ မြို့ပြအင်ဂျင်နီယာ (AGTI) တို့အတွက် ခေါ်ယူနေခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၆ ခုနှစ်ပညာသင်နှစ်အတွက် မဟာဌာနအလိုက် သင်တန်းလျှောက်လွှာ ပိတ်ရက် ထပ်တိုးခြင်းနှင့် ပညာရေး မဟာဌာန ဝင်ခွင့်သတ်မှတ်ချက်များကို ပြန်လည်ပြင်ဆင်ခြင်း ပြုလုပ်ထားသည်ဟု သိရသည်။
ပညာရေးမဟာဌာန၏ သင်တန်းများကို လျှောက်ထားသူများသည် ချင်းပြည်အတွင်းရှိ ပြည်သူ့ကျောင်းများ သို့မဟုတ် စစ်ဘေးရှောင်ကျောင်းများတွင် တာဝန်ထမ်းဆောင်လိုသူများ ဖြစ်ရမည်အပါအဝင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများ တက်ရောက်ခွင့်ရမည်ဟု သိရသည်။
ဥပဒေပညာဘွဲ့သင်တန်း လျှောက်ထားသူများသည် ချင်းပြည်အတွင်း ဥပဒေပညာဖြင့် တရားဥပဒေစိုးမိုးမှု ဖော်ဆောင်နိုင်ရန်အတွက် လိုအပ်သော မည်သည့်နေရာတွင် မဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည့်အချက်အပါအဝင် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဟု သိရသည်။
နည်းပညာနှင့် သက်မွေးပညာမဟာဌာန၏ သင်တန်းများကို လျှောက်ထားသူများသည် ချင်းပြည်အတွင်းရှိ မည်သည့်နေရာတွင်မဆို လျှပ်စစ်အင်ဂျင်နီယာပညာ၊ မြို့ပြအင်ဂျင်နီယာပညာတို့ဖြင့် ပြည်သူကို အလုပ်အကျွေး ပြုလိုသူဖြစ်ရမည့်အချက်အပါအဝင် သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများကို ရွေးချယ်မည်ဟု သိရသည်။
ဝင်ခွင့်လျှောက်လွှာများကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားကာ Personal Statement၊ CV၊ လိုအပ်သော ပညာအရည်အချင်း လက်မှတ် အထောက်အထား မိတ္တူများ၊ သက်ဆိုင်ရာ မြို့နယ်/ ဒေသ ပညာရေးဌာန၏ ထောက်ခံစာများနှင့်အတူ chinnationaluniversity@gmail.com သို့ ပူးတွဲ တင်သွင်းရမည်ဟု သိရသည်။
NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာန MoE BECA ဖြေဆိုပြီး ပြီးမြောက်ကြောင်း လက်မှတ်မရရှိသေးပါက အမှန်တကယ်ဖြေဆိုခဲ့ကြောင်း သက်သေအထောက်အထား နှင့်အတူ သက်ဆိုင်ရာ မြို့နယ်/ဒေသပညာရေးဌာန၏ ထောက်ခံစာလည်း တင်ပြနိုင်သည်ဟု သိရသည်။
ချင်းအမျိုးသား တက္ကသိုလ် (CNU) တွင် အဆောင်ကြေး၊ စားစရိတ်နှင့် ကျောင်းလခများအတွက် လစဉ် ကျပ် (၂၀၀,၀၀၀) သတ်မှတ်ထားပြီး အချိန်မီ မရောက်ရှိသော လျှောက်လွှာများနှင့် ပြည့်စုံစွာ မဖြည့်သွင်းထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ မြေပြင်တွင် သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ် တက်ရောက်နိုင်သူဖြစ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

