(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မန်းချောင်း ကြောင်နွားသိုးဆည်အနီးတွင် ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို CDF – အရှိုနှင့် လူ့ဘောင်သစ်တပ်မတော်တို့ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦး သေဆုံးကြောင်း သိရသည်။
မတ်လ ၂၅ ရက် သန်းခေါင်ယံ ၁၂ နာရီခန့်က မန်းချောင်းဆည် (ကြောင်နွားသိုး) ရေပိုလွှဲ အရှေ့ဘက် မီတာ ၉၀၀ ကျော်အတွင်း ယာယီတပ်စွဲထားသော စစ်ကော်မရှင်တပ်ကို ချင်းကာကွယ်ရေးတပ် – အရှို နှင့် လူ့ဘောင်သစ် တပ်မတော် (NSA) တို့ ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု CDF – အရှို့က မတ်လ ၂၆ ရက်က ထုတ်ပြန်သည်။
ငဖဲမြို့အနောက်ဘက် တောရကျောင်းတွင် တပ်စွဲထားသော အင်အား ၅၀ ကျော်ပါသော စစ်ကော်မရှင် စစ်ကြောင်းသည် ငဖဲမြို့နယ်၊ မန်းချောင်း (ကြောင်နွားသိုး) ဆည်သို့ စစ်ကြောင်းထိုးလာပြီး ယာယီတပ်စွဲစဉ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။
တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စုံစမ်းသိရရှိရသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။
မတ်လအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် CDF – အရှိုမှ ရဲဘော် ၃ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေသော ဒေသများ ပါဝင်နေသည့် မကွေးတိုင်းအနောက်ခြမ်း၊ နတ်ရေကန် ဗျူဟာနှင့် အမ်း- ပဒါန်းက စစ်မြေပြင်မှာ စစ်ကော်မရှင်တပ်များနှင့် ULA/AA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များ အကြား တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

