(004SS)
စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဇူလိုင် ၂၇ ရက် နံနက် ၄ နာရီတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းထုတ်ပြန်ရာမှာ ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အောင်ချက်အနည်းဆုံးဖြစ်သည်။
ချင်းပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၄၀၈ ဦးအနက် ၁၁၀ ဦးသာ အောင်မြင်ခဲ့ပြီး ၂၆.၉၆% ရာခိုင်နှုန်းဖြင့် အောင်ချက်အနည်းဆုံးပြည်နယ်ဖြစ်ခဲ့သည်။
၂၀၂၅ ပညာသင်နှစ်အတွက် ချင်းပြည်နယ်မှ ဟားခါး စာစစ်ဌာနနှင့် တီးတိန်စာစစ်ဌာနဟူ၍ ၂ ခုသာဖွင့်လှစ်နိုင်ခဲ့ပြီး အထက (၁) ဟားခါး စာစစ်ဌာနမှ ၃၅ ဦး၊ အထက (၁) တီးတိန် စာစစ်ဌာနမှ ၇၅ ဦး ကသာ အောင်မြင်ခဲ့ခြင်း ဖြစ်ကာ ဂုဏ်ထူးရရှိသူမရှိပေ။
ဟားခါးစာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ၃၉၈ အနက် ၂၆၀ ဦးနှင့် တီးတိန်စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထား သူ ၁၅၈ ဦးအနက် ၁၄၈ ဦး စုစုပေါင်း ၄၀၈ ဦးကသာ ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် နိုင်ငံတစ်ဝှမ်းကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် နိုင်ငံခြားဖြေဆိုသူ အယောက် ၂၀ အနက် ၁၉ ဦးက အောင်မြင်ခဲ့တာကြောင့် ၉၅ %ဖြင့် အများဆုံးဖြစ်သည်။
ထို့နောက် မွန်ပြည်နယ်တွင် ဖြေဆိုသူ ၈၉၇၂ ဦးအနက် ၅၁၂၈ ဦးက အောင်မြင်ခဲ့ပြီး ၅၇.၁၆ % ဖြင့် အောင်မြင်မှု ဒုတိယအများဆုံးအဖြစ် ရပ်တည်သည်။
ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်းတို့မှာ ၅၁ % ကျော်အောင်မြင်မှုရရှိသော ပြည်နယ်နှင့်တိုင်းများဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးအနေဖြင့် တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ဖြေဆိုသူ ၂၀၇,၈၉၈ ဦးအနက် ၉၉,၉၂၄ ဦးကအောင်မြင်ခဲ့ တာကြောင့် ၄၈.၀၆% အောင်မြင်ခဲ့သည်ဟု မြန်မာနိုင်ငံ စာစစ်ဌာန၏ ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချင်းပြည်နယ်မှ ဖြေဆိုသူ ၄၃၅ ဦးအနက် ၃၃၈ ဦး (၇၇.၇%) အောင်မြင်ခဲ့သည်။