(002MG)
စစ်ကော်မရှင်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် မတ်လအတွင်း အမျိုးသမီး (၈၈) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅၄) ဦးအထိ ရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ ယနေ့ ဧပြီလ (၇) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်အတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်ကော်မရှင်၏ လေ ကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၅၇) ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် (၂၁) ဦး ၊ မီးရှို့သတ်ဖြတ်ခြင်းကြောင့် (၄) ဦး၊ လက်နက်ကြီးကြောင့် (၃) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ကြောင့် (၁) ဦး အကျဉ်းထောင်တွင်း ဆေးကုသမှုခံယူခွင့်မရရှိခြင်း ကြောင့် (၁) ဦး နှင့် မြေမြုပ်မိုင်းကြောင့် (၁) ဦး စုစုပေါင်း (၈၈) ဦး တို့ အ သက်ဆုံးရှုံးခဲ့ကြရသည်ဟု သိရသည်။

အဆိုပါသေဆုံးသူများထဲတွင် အသက် (၁၈) နှစ်အောက် အမျိုးသမီးငယ် (၂၀) ဦး နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး (၃) ဦး ပါဝင်သည်ဟု ဖော်ပြထား သည်။
ထို့အပြင်လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၄၈) ဦး၊ လက်နက် ကြီးပစ်ခတ်ခံရမှုကြောင့် (၁) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄) ဦး နှင့် ကျဉ်ထိခိုက်မှုကြောင့် အမျိုးသမီး (၁) ဦး စုစုပေါင်း (၅၄) ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်ဟု သိရသည်။
စစ်ကိုင်းတိုင်းတွင် အမျိုးသမီးသေဆုံးမှု (၃၇) ဦး၊ ပဲခူးတိုင်း တွင် (၂၈) ဦး၊ မကွေး တိုင်း တွင် (၅) ဦး၊ မန္တလေးတိုင်းတွင် (၅) ဦး၊ ကရင်ပြည်နယ်တွင် (၅) ဦး၊ ကရင်နီပြည်နယ်တွင် (၄) ဦး၊ တနသ်ာရီတိုင်း တွင် (၂) ဦး၊ ရှမ်းပြည်နယ်တွင် (၁) ဦး၊ ရခိုင်ပြည်နယ် (၁) ဦး တို့သေဆုံးခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့တွင် ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာရှိ ပြည်သူများအား စစ်ကော်မရှင်က အစုလိုက်အပြုံလိုက် ဖမ်းဆီး သတ်ဖြတ် ခဲ့သောကြောင့် အမျိုး သမီး (၁၇) ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်သည် ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်များအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေသည့်ပြင် အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ အပါအ ဝင်အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံး နေကြရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထား သည်။

