(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်း တိုက်ခိုက်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှုဖြစ်ပြီး အပြင်းအထန်ရှုတ်ချသည်ဟု CDF-Hakha Central Council က ထုတ်ပြန် သည်။
အောက်တိုဘာလ ၁၃ ရက်နေ့ကဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုတွင် အသက် ၈ နှစ်အရွယ်ကျောင်းသားတစ်ဦး နှင့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူတစ်ဦးတို့သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF-Hakha Central Council က အောက်တိုဘာ ၁၄ ရက်ကထုတ်ပြန်သည်။
ဗန်ဟားကျေးရွာသည် CDF-Hakha ရဲ့ တပ်စခန်းမဟုတ်ဘဲ အရပ်သားပြည်သူ ကလေးများ ပညာသင်ကြားရာနေရာ ဖြစ်သည့် ကျောင်းကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဤတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ အခြေခံ လူ့အခွင့်အရေးဆိုင်ရာ နိယာမများနှင့် လက်နက်ကိုင်ပဋိပက္ခဥပဒေများကို ဆိုးရွားစွာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု CDF-Hakha က ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်ဖွဲ့၏ လုပ်ရပ်များအပေါ် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တာဝန်ရှိသူများကို အရေးယူနိုင်ရေး ဖိအားပေးရန်လည်း CDF-Hakha Central Council က တိုက်တွန်းထားသည်။

