(004SS)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် အသက် ၂၆ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးသည် သုံးမွှာပူးကလေးများ မွေးဖွားပြီးနောက် မိခင်နှင့်အတူ ကလေးငယ်သုံးဦးစလုံးမှာလည်း ဆုံးပါးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက ထန်တလန်မြို့နယ်၊ ဟရီဖီး (Hriphi) ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်သူအမျိုးသမီးမှာ ဒေါ်မန်ထားပါရ် (Mang Tha Par) ဖြစ်ပြီး၊ စစ်အာဏာမသိမ်းမီက ထန်တလန်မြို့ပေါ်တွင် နေထိုင်ခဲ့သူဖြစ်ပြီး တိုက်ပွဲများကြောင့် ခင်ပွန်း၏ ဇာတိဖြစ်သော ဟရီဖီးကျေးရွာသို့ စစ်ဘေးရှောင်ခဲ့ကြခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ဒေါ်မန်ထားပါရ်သည် စက်တင်ဘာလ ၄ ရက်နေ့ညက သုံးမွှာပူး သားယောက်ျားလေးများကို မွေးဖွားခဲ့သည်။
မွေးဖွားပြီးနောက် မိခင်နှင့် ကလေးငယ်နှစ်ဦးမှာ ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်ခဲ့ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို သဂြိုလ်ရန် ပြင်ဆင်နေစဉ် နောက်ထပ်ကလေးတစ်ဦးလည်း ထပ်မံဆုံးပါးသွားခြင်းဖြစ်သည်ဟု သိရသည်။
မိခင်နှင့် ကလေးငယ် သုံးဦးစလုံး၏ ရုပ်အလောင်းများကို ခရစ်ယာန်ထုံးစံအတိုင်း အခေါင်းတစ်ခုတည်းတွင်ထည့်ကာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။