(006SV)
ချင်းပြည်အပါအဝင် နိုင်ငံတဝန်းရှိ စာသင်ကျောင်းများနှင့် ကျောင်းနေအရွယ်ကလေးသူငယ်များကို စစ်အုပ်စုက စစ်ရေးပစ်မှတ်အဖြစ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးအရေး ယူပေးရန် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနက တောင်းဆိုသည်။
လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး စာသင်ကျောင်းနှင့် ကျောင်းနေအရွယ် ကလေးငယ်များကို လေကြောင်းပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေသော စစ်အုပ်စု၏ လုပ်ရပ်များကို ချင်းပြည် အစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုံ့ချသည်ဟု အောက်တိုဘာလ ၁၅ ရက်မှာ ထုတ်ပြန်သည်။
အပြစ်မဲ့ အရပ်သားများ၊ ကျောင်းသား/သူများနှင့် ဆရာ/မများအပေါ် ကျူးလွန်နေသော စစ်အုပ်စု၏ လုပ်ရပ်များ၊ အထူးသဖြင့် စာသင်ကျောင်းများကို စစ်ရေးပစ်မှတ်အဖြစ် သာလွန်အင်အားသုံး တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ တားဆီးအရေးယူပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၃ ရက်က ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ၈ နှစ်အရွယ် ကျောင်းသား ၁ ဦးနှင့် ၁၂ နှစ်အရွယ် ကျောင်းသူ ၁ ဦးတို့ သေဆုံးပြီး ဆရာ/မ ၅ ဦးနှင့် ကျောင်းသား ကျောင်းသူ ၁၆ ဦး ၊ စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိသည်ဟု သိရသည်။
အောက်တိုဘာလ ၉ ရက်ကလည်း မင်းတပ်မြို့နယ်ရှိ ဘော်ဒါဆောင် စာသင်ကျောင်းကို စစ်အုပ်စု လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျောင်းသား ၃ ဦး နှင့် အဆောင်နေ မသန်စွမ်းအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။
အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ဟားခါး၊ တွန်းဇန်မြို့နယ်တိုမှာ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၆ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း၊ အရပ်သားနေအိမ်များနှင့် အဆောက်အဦးများလည်း ပျက်စီးကြောင်း သိရသည်။

