(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချင်းဆိုင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သားတစ်ဦးအား လက်နက်ခဲယမ်းများနှင့်အတူ Kalay Urban Guerrilla (Kalay UG) အဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်းမတ်လ (၇) ရက် ယနေ့ သတင်းထုတ်ပြန်သည်။
မတ်လ ၅ ရက်နေ့က Kalay UG ရဲဘော်များ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ချင်းဆိုင်ရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ ကိုယ်ပိုင်အမှတ် ပစ/၁၇၀၈၆၇၊ တပ်သား အောင်စိန်သောင်းသည် မူးရစ်ဆေးဝါး အလွန်အကျွံ သုံးစွဲထားသော အခြေအနေဖြင့် လမ်းမှားဝင်ရောက်လာသည်ကို လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကော်မရှင်တပ်သားထံမှ MA-1 (၁) လက်၊ ကျည်ဘောက် (၄) ခု၊ ၅.၅၆ ကျည် (၇၅) တောင့်ပါ လက်နက်ခဲ ယမ်းများသိမ်းဆည်းရမိခဲ့သည်။
၎င်းကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေ (International Law on Prisoners of War) နှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားသည့်အပြင် လိုအပ်သည့် စစ်ဆေး မေးမြန်းမှုများအားဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

