(006SV)
စစ်ကိုင်းတိုင်း၊ တမူးဒေသ အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် NUG အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ တပ်ရင်းများအဖြစ် ပြောင်းလဲရပ်တည်လိုက်ကြောင်း သိရသည်။
မတ်လ ၂၀ ရက်က NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသကွက်ကဲမှု၏ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်၍ ကွပ်ကဲမှု ခံယူကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ မတ်လ ၂၆ ရက်မှာ ထုတ်ပြန်သည်။
ကွပ်ကဲမှု ခံယူခြင်း အခမ်းအနားတွင် အလံတော်ကို အလေးပြုခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ခြင်း အစရှိသည့် အခမ်းအနား အစီအစဉ်များ ကျင်းပပြုလုပ်သည်ဟု သိရသည်။
Myanmar Federal Army (MFA) အမည်ဖြင့် စတင်ဖွဲ့စည်းပြီး ၂၀၂၁ ဩဂုတ်လ ၂၃ ရက်က ပထမဆုံး တိုက်ပွဲကို တိုက်ခိုက်ခဲ့ကာ ၂၀၂၃ မတ်လ ၅ ရက်တွင် အမျိုးသားလွတ်မြောက်ရေးတပ်တော်အဖြစ် စတင်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ လက်ရှိတွင် NUG အစိုးရ၏ PDF တပ်ရင်းများအဖြစ် ဆက်လက် တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။
NUG ကာကွယ်ရေးဌာန၏ ကွက်ကဲမှုအောက် မရောက်ရှိသေးသော ဒေသကာကွယ်ရေးတပ်ဖွဲ့များကိုလည်း ကွပ်ကဲမှုအောက် တာဝန်ထမ်းဆောင်ရန်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များနှင့်အတူ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုဆိုလျက်ရှိကြောင်း NUG အစိုးရက ထုတ်ပြန်သည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)သည် နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) အဖွဲ့ဝင် ဖြစ်ခဲ့ပြီး လက်ရှိတွင် NUG ကာကွယ်ရေးဌာန၏ PDF တပ်ရင်းများအဖြစ် ကွပ်ကဲမှု ခံယူလိုက်ခြင်းဖြစ်ကြောင်းသိရသည်။

