(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် အမျိုးသမီး ၂ ဦးသည် ထင်းရှာသွားစဉ် မိုင်းနင်းမိ၍ အမျိုးသမီး ၁ ဦးမှာ ခြေတစ်ဖက် ပြတ်သွားသည့်အထိ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှုခံယူနေရကြောင်း မင်းတပ်မြို့ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၇ ရက်က မင်းတပ်မြို့အနီးတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ပြီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိကာ အခြားတစ်ဦးက ဒဏ်ရာတချို့ ရရှိသည်ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
“သူတို့အိမ်က မီးရှို့ခံရတော့ သန့်ရှင်းရေး လုပ်ရင်း၊ တဲထိုးရင်းနဲ့ မြို့ပေါ်မှာ နေကြတာ။ အဲဒါ ထင်းရှာသွားတာက နှစ်ယောက်ပါ၊၊ အခုထိတဲ့ သူက အမျိုးသမီးက အသက် (၃၀) ကျော်ပြီ ခြေထောက်ညာဖက်ပြတ်သွားတယ်၊ ဘယ်ဖက်ကြတော့ အပေါ်မှာရှိတဲ့ အသား တွေ အကုန် ကြေသွား တယ်၊ အရိုးတော့မထိဘူး။ နောက်တယောက်က ဒဏ်ရာသိပ်မကြီးဘူး၊ မစိုးရိမ်ရဘူး” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီကင်းစင်သွားပြီဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့များ ထောင်းထားသည့် မြေမြုပ်မိုင်းကြောင့် နေရပ်ပြန် မင်းတပ်ဒေသခံများ ထင်းရှာ၊ မျှစ်ရှာခြင်းဖြင့် မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားနေသည်ဟု သိရသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မင်းတပ်မြို့ပေါ်တွင် မြေမြုပ်မိုင်းနင်းမိသူ (၁၀) ဦး နီးပါးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်ဒေသများတွင် စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသည့် မြေမြုပ်မိုင်းပေါင်း နှစ်ထောင်ကျော်အား ရှင်းလင်းထားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဒေသခံပြည်သူများအနေဖြင့် နေအိမ်၊ အဆောက်အအုံ၊ လမ်းဘေးပတ်ဝန်းကျင်များတွင် ပေါက်ကွဲစေတတ်သော မိုင်းများ တွေ့လျှင် ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းထံ သတင်းပေးပို့ရန် ကြေညာထားသည်။
လက်ရှိတွင် မင်းတပ်မြို့ပေါ်မှာ နေရပ်ပြန်နေထိုင်သော ပြည်သူအနည်းငယ် ရှိလာပြီး အများစုသည် နေ့ချင်းပြန်ဖြင့် နေအိမ်သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဥယျာဉ်ခြံများ စိုက်ပျိုးကြသူများသာရှိကြောင်း မင်းတပ်မြို့ဒေသခံထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် CDF – မင်းတပ်၊ ချင်းညီနောင် နှင့် မဟာမိတ်တပ်ဖွဲ့များက မင်းတပ်မြို့ကို အပြီးသတ် သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရာနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။