မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ချင်းဒုက္ခသည်များအရေးဆွေးနွေးသည့် ချင်း Consultation အစည်းအဝေးတရပ်ကို နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု Alliance of Chin Refugees (ACR)က ထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ နှစ်ရက်ကြာကျင်းပပြုလုပ်သော ချင်း Consultation အစည်းအဝေးမှာ လတ်တလော ဖြစ်ပေါ်နေသည့် အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏ အခြေနေများနှင့် ချင်းဒုက္ခသည် များအရေးအဖြေရှာပြင်ဆင်မှုများအား အဓိကထားဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အဆိုပါအစည်းအဝေးတွင် ဗြိတိန် (UK) မှ ဆရာ Jeremy Hoipangs နှင့် အမေရိကန် (USA) မှ Dr Ro Dinga တို့ ကိုယ်တိုင်တက်ရောက်ခဲ့ကြသည့်အပြင် USA နိုင်ငံမှ BACI CEO ဆရာ Elaisa Vahnie၊ BAG မှ ဆရာ Van Kio နှင့် ကနေဒါ (Canada) နိုင်ငံမှ ဆရာ Plato Van Rung Mang တို့သည်လည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်ဆွေးနွေးခဲ့ကြသည်ဟုသိရ သည်။
ချင်း Consultation အစည်းအဝေးမှ ရရှိသော ဒုက္ခသည်အရေးနှင့်ပတ်သက်သည့်သဘောတူညီချက်များကိုလည်း UNHCR ထံ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ပြီးခဲ့သည် စက်တင်ဘာလ ၈ ရက်နေ့ကလည်း အမေရိကန်အခြေစိုက် BACI ၏ CEO ဖြစ်သူ Mr. Elaisa Vahnie နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်း/အသင်းတော် ခေါင်းဆောင်များသည် ၂၀၂၆ ခုနှစ်အတွင်း အမေရိ ကန်နိုင်ငံမှ ဒုက္ခ သည်များ လက်ခံမည့် အစီအစဉ်များနှင့် မူဝါဒများကို ရှင်းလင်းပြောကြားခြင်း တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။
မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထား သူများဖြစ်သည်ဟု သိရသည်။
ယခုနှစ်ဆန်းပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အမိန့်ကြောင့် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိ ထားသည့် မလေးရှားမှ ချင်းဒုက္ခသည်များသည် လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံခဲ့ကြရသလို RSD ဟုခေါ် သော ဒုက္ခသည် အဆင့်အတန်းသတ်မှတ်သည့် အင်တာဗျူးရက်ချိန်းရရှိပြီးသူ အများအပြားလည်း ဖျက်သိမ်းခံခဲ့ ကြရ သည်။
လက်ရှိတွင်လည်း မလေးရှားရောက် ချင်းလူမျိုးများအပါအဝင် မြန်မာနိုင်ငံသားများသည် အထောက်အထားမဲ့ နေထိုင်မှုဖြင့် မလေးရှားရဲတပ်ဖွဲ့များ၏ ရှာဖွေ ဖမ်းဆီးမှုများ မကြာခဏ ကြုံတွေ့နေကြရသည်။

