ပြစ်မှုကျူးလွန်သည့် လူများကို တိုက်ရိုက် တရားစွဲဆိုခြင်းဖြစ်ပြီး တီမောက မြန်မာ့အရေးကို စွက်ဖက်ခြင်းမဟုတ်၊ ထုတ်ပြန်ချက်သည် စစ်ကော်မရှင်၏ အခြေအမြစ် မရှိသည့် လုပ်ရပ်ဟု CHRO ပြော
(006SV)
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ မြန်မာစစ်တပ် ထိပ်ပိုင်းစစ်ခေါင်းဆောင် ၁၄ ဦး တရားစွဲဆိုမှုကို တီမော လက်စ်တေ တရားရေးက လက်ခံမှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးယာယီတာဝန်ခံကို မြန်မာနိုင်ငံမှ ၇ ရက်အတွင်း ပြန်လည်ထွက်ခွာရန် နှင်ထုတ်ကြောင်း စစ်ကော်မရှင်က ကြေညာသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သောကြောင့်ဟုဆိုကာ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို ဖေဖော်ဝါရီလ ၁၃ ရက်က တွေ့ဆုံ၍ ဖေဖော်ဝါရီလ ၂၀ ရက် မတိုင်မီ မြန်မာမှ အပြီးအပိုင် ထွက်ခွာရန် ပြောကြားခဲ့သည်ဟု စစ်ကော်မရှင်၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်သည်။
တီမောလက်စ်တေအနေဖြင့် စစ်ကော်မရှင်အပေါ် ထားရှိသော ရပ်တည်ချက်များ ပြောင်းလဲခြင်း မရှိသေးပါက ပိုမိုပြင်းထန်သော အစီအမံများ ထပ်မံချမှတ်ဆောင်ရွက်သွားမည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်မှာ ဖော်ပြသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၄ ဦးကို တရားစွဲဆိုသည့် ချင်းလူ့အခွင့် အရေးအဖွဲ့ (CHRO) ကို ဇန်နဝါရီလ ၁၄ ရက်က တီမောသမ္မတက လက်ခံတွေ့ဆုံပြီးနောက် စစ်ကော်မရှင်သည် တရားစွဲဆိုမှု အခြေအနေကို နီးကပ်စွာ ဆက်လက်လေ့လာစောင့်ကြည့်နေသည်ဟု သိရသည်။
ပြစ်မှုကျူးလွန်သည့် လူပုဂ္ဂိလ်များကို တိုက်ရိုက် တရားစွဲဆိုခြင်းဖြစ်ပြီး တီမောက မြန်မာ့အရေးကို စွက်ဖက်ခြင်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံကို စစ်ကော်မရှင်က နှင်ထုတ်ခြင်းသည် အခြေအမြစ် မရှိသော လုပ်ရပ်ဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
“စစ်ကော်မရှင်က မနေ့ကနေ တီမောသံရုံ ယာယီတာဝန်ခံကို နှင်ထုတ်လိုက်တယ်ပေါ့နော်။ သူတို့ရဲ့ စွပ်စွဲချက်ကတော့ တီမောလက်စ်ေတနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးမှု ရှိတယ်ဆိုတော့ သူတို့က အကြောင်းပြချက်နဲ့ ပေါ့နော်။ ဒါပေမယ့် ကျနော်တို့ တီမောလစ်တေးမှာ တရားစွဲဆိုတာက မြန်မာနိုင်ငံမှာ ဒီလိုလူ့အခွင့်အရေး ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ သူ ၁၄ ဦးကို တရားစွဲဆိုထားတာ ဖြစ်တယ်။ သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုက နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်တယ်။ နိုင်ငံတကာ ရာဇဝတ်မှုတွေက နိုင်ငံတကာမှာလည်း တရားစွဲဆိုလို့ ရတယ်ပေါ့နော်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိတဲ့အတွက်ကြောင့် တီမောလက်စ်တေက တရားရုံးမှာ တရားစွဲဆို ထားတာ ဖြစ်တယ်။ တီမောလက်စ်တေနိုင်ငံက လွတ်လပ်တဲ့ တရားစီရင်ရေး ရှိတယ်။ တီမောလက်စ်တေနိုင်ငံ အစိုးရကလည်း သူတို့ရဲ့ တရားရေးဌာနကို လုပ်ပါ၊ မလုပ်နဲ့လို့ အမိန့်ပေး ညွှန်ကြားလို့ မရဘူး။ သူတို့ရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးက သီးသန့်စီဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ တရားစွဲဆိုတာဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်မှုအနေနဲ့ တရားစွဲဆိုထားတာ ဖြစ်တဲ့အတွက်ကြောင့်၊ ပြီးတော့ တရားစွဲထားတဲ့ လူတွေဟာ အသေးစိတ်နဲ့ လူပုဂ္ဂိုလ်တွေကို တိုက်ရိုက်တရားစွဲဆိုထားတာ ဖြစ်တဲ့အတွက်ကြောင့် တီမောလက်စ်တေ နိုင်ငံကနေ အခု စစ်ကော်မရှင် ပြောနေသလို မြန်မာနိုင်ငံရဲ့ အရေးကို ဝင်ရောက်စွက် ဖက်တာ မဟုတ်ဘူး။ သူတို့ရဲ့ တရားရေးဌာနရဲ့ လုပ်ငန်းကို လုပ်ဆောင်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က စစ်ကောင်စီရဲ့ ထုတ်ပြန်မှုက အခြေအမြစ် မရှိဘူးလို့ ဆိုချင်ပါတယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
အဆိုပါအမှုများနှင့်ပတ်သက်၍ တီမောလက်စ်တေ တရားရေးသည် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီး ချင်းလူ့အခွင့် အရေးဌာနအနေဖြင့် သက်သေအထောက်အထားများကို ထပ်မံလိုအပ်ပါက ဖြည့်ပေးနိုင်ရန် ပြင်ဆင်ထားကြောင်း၊ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
စစ်ကော်မရှင်၏ လက်ရှိ ဆက်တိုက် ဖိအားပေးလာမှုများကို ရင်ဆိုင်ပြီး မြန်မာပြည်သူလူထု၏ တရားမျှတမှု ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးမှုများအတွက် တီမောလက်စ်တေပြည်သူလူထုနှင့် တရားရေးဌာနကို ကျေးဇူးတင်ကြောင်း CHRO က ပြောသည်။
“သူတို့က စစ်ကောင်စီက ဖိအားပေးလို့ သူတို့ရဲ့ မြန်မာနိုင်ငံ လူထုအပေါ် တရားမျှတဖို့အတွက် ကူညီ ဆောင်ရွက်ပေးမှုက ရပ်တန့်သွားမယ်လို့လည်း ကျနော်က မယူဆဘူး။ ဒီဟာတွေ ဖြစ်လာတွေ အခါမှာ သူတို့အနေနဲ့ မြန်မာပြည်သူတွေနဲ့ ပိုပြီးတော့ တသတ်မှတ် ထဲ ရှိမယ်။ ကျနော်တို့ကလည်း သူတို့နဲ့ တသတ်မှတ်ထဲ ရှိပေးမယ် ပေါ့လေ။ သူတို့ကို မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ တရားမျှတမှု ရှာဖွေနေမှုကို ဒီလိုအားဖြည့် ပေးတဲ့အတွက် ဝိုင်းဝန်ကူညီပေးတဲ့အတွက်ကြောင့်လည်း တီမောလက်တေး နိုင်ငံ ပြည်သူလူထုတွေရော၊ တရားရေးကော အထူးကျေးဇူးတင်ပါတယ်” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့၏ တရားစွဲဆိုမှုကို တီမောလက်စ်တေနိုင်ငံက လက်ခံဆောင်ရွက်မှုသည် အလားတူဖြစ်စဉ်မျိုး အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ယခင်က မရှိခဲ့ဖူးကြောင်း စစ်ကော်မရှင်က ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တီမောလက်စ်တေနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို လေးစားရန်၊ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံကဖြစ်စေ၊ အာဆီယံအဖွဲ့ဝင် မဟုတ်သည့် အခြားနိုင်ငံတစ်နိုင်ငံဖြစ်စေ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုခုဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြားအာဏာ ပိုင်ဆိုင်မှု ၊ နယ်မြေတည်တံ့ခိုင်မြဲမှု နှင့် နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်းမှုတို့ကို ခြိမ်းခြောက်ရေးအတွက် မိမိပိုင်နက်နယ်မြေကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန် ပြဌာန်းချက်ကို ချိုုးဖောက်သည်ဟု စစ်ကော်မရှင်က စွပ်စွဲထားသည်။
ထိုအပြင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကိုလည်း တရားမဝင်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း စစ်ကော်မရှင်က စွပ်စွဲထားသည်။
“ကျနော်တို့က တရားမဝင် အဖွဲ့အစည်း မဟုတ်ပါဘူး။ အမေရိကန်မှာလည်း တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြီးရင် မြန်မာမှာ အာဏာမသိမ်းခင်အထိလည်း တရားဝင် ရပ်တည် ရှိနေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ကို စစ်ကောင်စီအနေနဲ့ ကျနော်တို့ CHRO ကို မတရားအဖွဲ့အစည်းအနေနဲ့ ဘယ်တုန်းကမှ ဒီလိုမျိုး ပြောဆိုတာမျိုး မရှိခဲ့ဘူး။ သူတို့ရဲ့ မတရား လုပ်ဆောင်မှုကို ဖော်ထုတ်တဲ့အတွက် ကျနော်တို့ကို မတရားအဖွဲ့ကို ကင်ပွန်တပ်တာက ကျနော်တို့အတွက် ရယ်စရာက လွဲလို့ ပြောစရာ စကားလုံး မရှိဘူးပေါ့လေ” ဟု CHRO စီမံအရာရှိ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်က တီမောနိုင်ငံ၊ ဒီလီမြို့ရှိ ပြည်သူ့အစိုးရ ရှေ့နေရုံးသို့ မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၄ ဦးကို ချင်းပြည်နယ်မှာ ကျူးလွန်သော စစ်ရာဇဝတ်မှု အမှု ၅ ခုဖြင့် အရေးယူနိုင်ရေး တရားစွဲနိုင်ရန် CHRO အဖွဲ့က လျှောက်ထားပြီးနောက် နှစ်ပတ်ခန့်အကြာ ဖေဖော်ဝါရီလ ၂ ရက်မှာ အဆိုပါ အမှုများကို လက်ခံခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တွင် ဂျာနယ်လစ် ၁ ဦးနှင့် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင် ၁၀ ဦးကို အစုအပြုံလိုက် သတ်ဖြတ်မှု (၎င်းတို့အနက် ၈ ဦးကို လည်လှီးသတ်ဖြတ်သည်) ၊ တီးတိန်မြို့နယ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်မှု၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာတော် ၁ ပါးနှင့် သင်းထောက်ဆရာတော် ၃ ပါးကို သတ်ဖြတ်မှု၊ အရပ်ဘက်စစ်ဘက် ခွဲမှု မရှိဘဲ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှု၊ ချင်းမှာ ဘုရားကျောင်းများကို စနစ်တကျ တိုက်ခိုက်မှု ကျူးလွန်ခြင်းတို့ကြောင့် တရားစွဲအရေးယူနိုင်ရေး ဆောင်ရွက်နေသည်ဟု သိရသည်။
ချင်းမှာ ကျူးလွန်သော အမှု ၅ မှုဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ လေတပ် စစ်ဦးစီချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အထူးစစ်ဆင်ရေး (စကထ) မှ ဒုတိယဗိုလ်ချုပ်ကြီး ဇေယျာကျော်၊ နမခတိုင်းမှူး၊ မတူပီ ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲကျော်၊ ခလရ ၁၄၀ တပ်ရင်းမှူး၊ ခလရ ၃၀၄ တပ်ရင်းမှူး၊ မတူပီဗျူဟာမှူး ဗိုလ်မှူး ကျော်ကြည်ဟန် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၄ ဦးတို့ကို တရားစွဲဆိုသည်ဟု သိရသည်။
အဆိုပါအမှုများကို ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) ၊ လန်ဒန်အခြေစိုက် Myanmar Accountability Project နှင့် တီမောအခြေစိုက် Da Silva Teixeira & Associados Lda ဥပဒေရေးရာအဖွဲ့ တို့ ပူးပေါင်းတရားစွဲဆိုခြင်းဖြစ်သည်ဟု သိရသည်။

