(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝကိုဖြတ်၍ ရခိုင်ပြည်ဘက်သို့ပို့ဆောင်မည့် ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဗဟိုလိုင်းလူငယ်များအသင်း (CYLA) က ဖမ်းဆီးခဲ့သည်။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Diltlang ကျေးရွာ လိုင်းလူငယ်များအသင်း (LYA) စစ်ဆေးရေးဂိတ်တွင် ကား ၂ စီးဖြင့်တင်လာသော ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု The Lawngtlai Post က ဖော်ပြသည်။
အဆိုပါဒီဇယ်ဆီများကို Lunglei မြို့မှတဆင့် Chawngte ကျေးရွာကိုဖြတ်၍ ရခိုင်ဘက်ကိုပို့ရန်သွားနေစဉ် Diltlang ကျေးရွာ YLA စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့တုန်းကလည်း ရခိုင်ဘက်ကိုပို့မည့် ဒီဇယ်ဒီ ပီပါ ၅၇ လုံးကို CYLA က ဖမ်းဆီးခဲ့ပြီးဖြစ်သည်။
မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်း အင်အားကြီးသောအရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် Central Young Lai Association (CYLA) က ဇွန်လ ၂၄ ရက်နေ့ကစ၍ လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကိုဖြတ်၍ ရခိုင်ပြည်နယ်ဘက်သို့ လောင်စာဆီနှင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
မီဇိုရမ်ပြည်နယ်မှတဆင့် မြန်မာဘက်သို့ ကုန်ပစ္စည်းနှင့် လောင်စာဆီများတင်သွင်းမှုများသည် စစ်မက်ဖြစ်ပွားခြင်း ကြောင့် ဒုက္ခအတိရောက်ရှိနေကြသော ရခိုင်ပြည်သူများအတွက်မှတ်ယူခဲ့ကြသော်လည်း အာရက္ခတပ်တော် AA က ချင်းလူမျိုးများအား ပစ်ခတ်တိုက်ခိုက်ရာမှာ အင်အားတည်ဆောက်ရေးနှင့် ရိက္ခာအဖြစ်အသုံးပြုနေသည့်အတွက် ယခုကဲ့သို့ပိတ်ပင်ခြင်းဖြစ်သည်ဟု CYLA က ပြောဆိုထားသည်။
ထို့ကြောင့် လောင်တလိုင်ခရိုင်မှတဆင့် အိန္ဒိယ-မြန်မာနယ်စပ်ဘက်ကို ဆက်သွယ်သော လမ်းကြောင်းနှင့် ကျေးရွာများ တွင် CYLA က စစ်ရေးဂိတ်များဖွင့်လှစ်ကာ ရခိုင်ဘက်ကိုပို့မည့် လောင်စာဆီနှင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်သော ကားများကို ပိတ်ပင်တားဆီးနေခြင်းဖြစ်သည်။
ယခုကဲ့သို့ CYLA က လောင်စာဆီတင်ယာဉ်များအား လောင်တလိုင်ခရိုင်အတွင်း ဖြတ်သန်းခွင့်မပြုသည့်အတွက် ရှာဟာခရိုင်အတွင်း လောင်စာဆီများပြတ်လပ်ကာ ဒေသခံများ အခက်ကြုံနေရသည့်အတွက် အမြန်ဆုံးပြန်ဖွင့်ပေးရန် ရှာဟာခရိုင်က မရာလူငယ်များအသင်း (MTP) က တောင်းဆိုထားသည်။
CYLA ကတော့ ရှာဟာခရိုင်ကိုပို့မည့် လောင်စာဆီတင်ကားများကို တားမြစ်ခြင်းမရှိဘဲ လွှတ်ပေးလေ့ရှိပြီး ရှာဟာမြို့ကိုပို့မည်ဆိုကာ ရခိုင်ဘက်ကို ပို့ဆောင်သည့်ကားများ ရှိနေသည့်အတွက် ဆက်လက်တားဆီးပိတ်ပင်ခြင်းဖြစ်သည်ဟု ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကတဆင့် လောင်တလိုင်ခရိုင်ကို ဖြတ်သန်းကာ အဓိက တင်သွင်းလျှက်ရှိကြပြီး ယခုကဲ့သို့ ပိတ်ပင်မှုကြောင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်ဘက်က ပြည်သူများ အခြေခံ စားသောက်ကုန်၊ ဆေးဝါးနှင့် လောင်စာဆီများ အခက်ကြုံနေကြရသည်။