(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်က Starlink အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ကဖေးများကို ဝင်ရောက် စီးနင်းကာ ပစ္စည်းများသိမ်းဆည်းသွားသည့်အတွက် ဒေသခံပြည်သူများ အင်တာနက်အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရသည်ဟု သိရသည်။
ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ Chinland Network နှင့် Shwe Hakha အင်တာနက်ဝန်ဆောင်မှုပေးနေသော ကဖေး ဆိုင်များကို ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီက ဝင်စီးပြီး ဆိုင်ပိုင်ရှင်များအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
“ပြီးခဲ့တဲ့အပါတ်က ဆေးရုံမှာ ပညာပေးဟောပြောပွဲရှိတယ်၊ အဲမှာ လူငယ်တွေက လှမ်းပစ်တာပေါ့ အဲဒါကြောင့် သူတို့က သတင်းကလိုင်းပေါ်မှာပဲ ဖြန့်လို့ရတာ ဆိုပြီးတော့ လိုင်း(အင်တာနက်) ပိုင်ရှင်ကို ဖမ်းတာပေါ့။ လူကတော့ သူတို့ဖမ်းတဲ့ နေ့ ညမှာ ပြန်လွှတ်ပေးတယ်။ စက်တွေ အကုန်လုံးသိမ်းတာ အခုထိ ပြန်မပေးသေးဘူး။ အရင်က ဟားခါးမှာ လိုင်းမရတဲ့အခါ ကျတော့ Starlink wifi ပဲ သုံးတာလေ။ အဲဒါကိုပါ သူတို့ သိမ်းလိုက်တော့ အခု လိုင်းသုံးတဲ့သူတွေ မရှိသလောက်ပဲ” ဟု ဟားခါးမြို့ ဒေသခံတစ်ဦးက ပြောသည်။
အင်တာနက်ဝန်ဆောင်မှုပေးနေသော ဆိုင်ပိုင်ရှင်များကို ဖမ်းဆီးသည့်နေ့တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကွန်ပျူတာ၊ ဆာဗာနှင့် အင်တာနက်စက်ပစ္စည်းများကို ယနေ့အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးကြောင်း သိရသည်။
ဟားခါးမြို့တွင် Starlink အင်တာနက်ဆိုင် ၅ ခုခန့်ရှိပြီး ၎င်းတို့အနက် ၂ ဆိုင်မှ ပစ္စည်းများကို စစ်ကောင်စီက သိမ်းဆည်းခဲ့ ခြင်း ဖြစ်သည်။
အခြားဆိုင်များမှာလည်း စစ်ကောင်စီ၏ သတိပေးချက်များကြောင့် ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်း ထားရသည် ဟု သိရသည်။
Starlink အင်တာနက်ကို တစ်လလျှင် ကျပ် ၅၀၀၀၀ ဖြင့် အသုံးပြုကြရကြောင်း သိရသည်။
ဟားခါးမြို့တွင် အင်တာနက်လိုင်းမရှိခြင်းကြောင့် ပြည်တွင်း/ပြည်ပရှိ မိသားစုများနှင့် ဆက်သွယ်ရန် အခက်ကြုံနေကြရပြီး အချို့မှာ အင်တာနက်ရရှိသော ကျေးရွာများသို့ ယာယီပြောင်းရွှေ့အလုပ်လုပ်နေကြရသည်ဟု ဆိုသည်။
“ဟားခါးမှာ လိုင်းသုံးဖို့ တော်တော် အခက်အခဲ ရှိတာပေါ့။ ဒါကြောင့် အင်တာနက် အသုံးပြုပြီး အလုပ်လုပ်ရတဲ့သူတွေ ဟားခါးကနေ အင်တာနက်ရတဲ့ ရွာတို့ လိုင်းရတဲ့နေရာသွားပြီး အလုပ် လုပ်နေကြရတာပေါ့။ ငွေလွှဲ လုပ်တဲ့ သူတွေ ပြီးရင် NGO အလုပ်လုပ်တဲ့သူတွေပေါ့နော်” ဟု NGO တစ်ခုမှ တာဝန်ထမ်းဆောင်နေသော လူငယ်ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိတွင်မူ အင်တာနက် အသုံးပြုနိုင်ရန် လိုင်ဆွဲအားမကောင်းသော်လည်း MPT wifi ကိုသာ အသုံးပြုနေကြရသည်ဟု ဒေသခံများက ဆိုသည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့က စစ်ကောင်စီ၏ ဤလုပ်ရပ်သည် ဒေသတွင်း သတင်းစီးဆင်းမှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။
ဟားခါးမြို့သည် လျှပ်စစ်မီး လေးလကျော်ကြာ ပြတ်တောက်နေပြီဖြစ်ရာ ဒေသခံများအနေဖြင့် နေ့စဉ်နေထိုင်မှုတွင် မီးသွေးများဖြင့် ထမင်းချက်ပြုတ်ခြင်း၊ ဖုန်းနှင့်လက်တော့ပ်များအား အခကြေးငွေပေးကာ အားသွင်းခြင်းစသည့် အခက်အခဲများကို ရင်ဆိုင်နေရသည်။