(006SV)
အမျိုးသားတော်လှန်ရေး ဆင်နွှဲနေမှုတွင် ချင်းလဲန်းတည်ဆောက်ရေး ဖော်ဆောင်မှု ပိုမိုအားကောင်းလာစေရေးအတွက် နိုင်ငံတကာရောက် ချင်းလူမျိုးအားလုံး တက်ကြွစွာ ပါဝင်ပြီး ရန်ပုံငွေထည့်ဝင်ခြင်းဖြင့် ပံ့ပိုးပါဝင်ကြရန် ချင်းအမျိုးသားတပ်ဦးက ကြေညာသည်။
နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ချင်းအမျိုးသားတပ်ဦး၏ ဒေသကော်မတီများ ညီလာခံအပြီး ထုတ်ပြန်ချက်တွင် အသိပေးကြေညာသည်။
ချင်းအမျိုးသားတပ်ဦး၏ ချင်းလဲန်းတည်ဆောက်ရေး ဖော်ဆောင်မှု ပိုမိုအားကောင်းလားစေရေးအတွက် နိုင်ငံတကာရောက် ချင်းလူမျိုးအားလုံးက Chinland Club (Diamond Club၊ Gold Club၊ Silver Club) တွင် တက်ကြွစွာ ပါဝင်ပံ့ပိုးကြရန် အဆိုပါညီလာခံက တောင်းဆိုသည်။
အမျိုးသားတော်လှန်ရေး ဆင်နွှဲမှုတွင်လည်း စိတ်တူကိုယ်တူ မျိုးချစ်ပုဂ္ဂိုလ်များ ရန်ပုံငွေ ထည့်ဝင်ခြင်းဖြင့် ပါဝင်ပံ့ပိုးကြရန်လည်း တိုက်တွန်း နှိုးဆော်ထားသည်။
ဆယ်စုနှစ်နှစ်ခုနီးပါး ခိုင်မာစွာ ရပ်တည်နိုင်သော Chinland Club တွင် အသင်းတော်များ၊ လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ထက်သန်စွာ ပါဝင်ပေးရန်နှင့် ဝန်းရံပံ့ပို့ပေးရန် ယင်းညီလာခံက အထူးတိုက်တွန်းထားသည်။
ယခုနှစ်တွင် အာဆီယံဥက္ကဌ တာဝန်ထမ်းဆောင်နေသော မလေးရှားနိုင်ငံ၏ မြန်မာ့ပဋိပက္ခအဖြေရှာရေးနှင့် လူသားချင်း စာနာထောင်ထားမှု အကူအညီပေးရေးအတွက် ကြိုးပမ်းအားထုမှုများကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဖော်ပြသည်ဟု ထုတ်ပြန်သည်။
ဆက်လက်၍ အာဆီယံ ဥက္ကဌ တာဝန်ယူမည့် နိုင်ငံများ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီ စနစ် တည်ဆောက်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ရရှိနိုင်ရေးအတွက် ပိုမိုထိရောက်သော အကူအညီများ ပေးအပ်ရန်လည်း ညီလာခံကနေ တောင်းဆိုထားသည်။
ညီလာခံတွင် ဒေသကော်မတီ အသီးသီး၏ လုပ်ငန်းဆောင်မှု အစီရင်ခံစာများ တင်သွင်းခြင်း၊ ပြန်လည်သုံးသပ်ခြင်း နှင့် အတည်ပြုခြင်းတို့ ပြုလုပ်ခြင်းအပြင် ဒေသကော်မတီများ၏ ဖွဲ့စည်းပုံနည်းဥပဒေ ပြန်လည်သုံးသပ်ခြင်း၊ လက်ရှိတော်လှန်ရေးကို သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် ချမှတ်ခြင်းတို့ ပြုလုပ်သည်ဟု သိရသည်။
စတုတ္ထအကြိမ်မြောက် ချင်းအမျိုးသားတပ်ဦး၏ ဒေသကော်မတီများ ညီလာခံကို နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ဒေသကော်မတီ ကိုယ်စားလှယ် ၆၇ ဦး တက်ရောက်သည်ဟု သိရသည်။

