(006SV)
၂၀၂၁ စစ်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ကျင်းပပြုလုပ်သော အတုအယောင် လွှတ်တော်အစည်းအဝေးတွင် ကြိုတင်စီမံထားသည့်အတိုင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် သမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ထောက်ခံမဲ ၄၂၉ မဲ၊ အမျိုးသား လွှတ်တော်မှ ကိုယ်စားပြု၍ အရွေးခံသော ဒေါ်နန်းနီနီအေးသည် ထောက်ခံမဲ ၂၉ မဲနှင့် စစ်တပ်မှ ကိုယ်စားပြု အရွေးခံသော ဗိုလ်ချုပ်ကြီးဟောင်း ညိုစောက ၁၂၆ မဲ ရရှိသည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ၊ ဦးညိုစောက ဒုသမ္မတ ၁ နှင့် ဒေါ်နန်းနီနီအေးက ဒုသမ္မတ ၂ ဖြစ်လာမည်ဟု သိရသည်။
ယနေ့ ဧပြီလ ၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်တွင် သမ္မတရွေးချယ်တင်မြှောက်ရေး ကျင်းပပြုလုပ်ခဲ့ပြီး သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဖွဲ့စည်းကာ ပြည်သူ့လွှတ်တော်၊ အမျိးသားလွှတ်တော်နှင့် စစ်တပ် စသည်တို့မှ သမ္မတလောင်း ၃ ဦးကို လွှတ်တော်ကိုယ်စားလှယ်များက မဲပေးရွေးချယ်သည်ဟု သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲပြီး ၂၀၂၁ ဖေဖော်ဝါရီလမှာ စစ်အာဏာသိမ်းခဲ့ခြင်း၏ ၅ နှစ်ရှိလာချိန် ၂၀၂၅ ခုနှစ်မှာ စစ်ပွဲအပြင်းအထန် ဖြစ်ပွားနေသော နိုင်ငံတဝန်းမှာ ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပကာ သမ္မတ လုပ်လာခြင်းဖြစ်သည်။
တပ်ချုပ်ရာထူးကို ၁၅ နှစ်ကြာ ရယူထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အမြင့်ဆုံး ရည်မှန်းချက် ဖြစ်သော သမ္မတရာထူးကို ယနေ့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ရက်ပိုင်းအတွင်း အာဏာသိမ်းစစ်အစိုးရကို အသွင်းပြောင်းလဲနိုင်ရေးအတွက် စစ်အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းရမည်ဟု သိရသည်။

