(006SV)
စစ်အာဏာသိမ်းပြီး ၄ နှစ်ဝန်းကျင်အကြာ ချင်း၊ ကရင်၊ စစ်ကိုင်းနှင့် တနင်္သာရီတို့တွင် လူငယ်များ ကျောက်ထွက်နှုန်း အမြင့်ဆုံး ဖြစ်နေသည်ဟု ကမ္ဘာ့ကုလ သမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ယနေ့မှာ ထုတ်ပြန်ကြေညာသည်။
ယနေ့ အောက်တိုဘာလ ၆ ရက်တွင် မြန်မာ့လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခြေအနေနှင့်ပတ်သက်၍ နိုင်ငံလုံးဆိုင်ရာ သုတေသနပြုလုပ်မှုဖြစ်သည့် မြန်မာလူငယ် သဘောထား စစ်တမ်း ၂၀၂၄ ကို အခြေခံပြီး အနာဂါတ်ရပ်တန့်ခံ မျိုးဆက်သစ် အမည်ဖြင့် ထုတ်ပြန်သော စာတမ်းတွင် UNDP က ပြောဆိုသည်။
အသက် ၁၈ – ၂၄ နှစ်ကြား လူငယ် ၄ ဦးတွင် ၃ ဦးသည် ပညာရေး သို့မဟုတ် သင်တန်းတစ်ခုခုမှာ တက်ရောက်ခြင်း မရှိတော့ကြောင်း၊ အဆိုပါအရေအတွက်မှာ လူငယ် ငါးသန်းဖြစ်သည်ဟု UNDP ထံမှ သိရသည်။
အထူးသဖြင့် ကျေးလက်နေ လူငယ်များသည် အတားအဆီးအမျိုးမျိုးကို ပိုမိုရင်ဆိုင်နေရပြီး တနင်္သာရီ၊ ချင်း၊ ကရင်နှင့် စစ်ကိုင်းတို့တွင် လက်ရှိမှာ ကျောင်းထွက်နှုန်း အမြင့်ဆုံး အခြေအနေဖြစ်နေသည်ဟု သိရသည်။
မြန်မာ့လူငယ်စစ်တမ်းကို ဖြေဆိုထားသော လူငယ်အမျိုးသမီး လေးပုံ၊ တစ်ပုံနီးပါးသည် အိမ်တွင်းတာဝန်များ လုပ်ဆောင်ရခြင်းမှာ ပညာရေးမှ ကျောင်းထွက်ရသော အကြောင်းအရင်းဖြစ်ကြောင်း၊ အမျိုးသားလူငယ်များတွင် ယင်းအခြေအနေမျိုး ငါးရာခိုင်နှုန်း ရှိကြောင်း သိရသည်။
စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ၊ ပဋိပက္ခများကြောင့် လုံခြုံမှုမရှိခြင်း၊ ပညာရေး လက်လှမ်းမီဖြစ်ခြင်းနှင့် လူမှုရေးဆိုင်ရာ စံနှုန်းများသည် လူငယ် ပညာရေး၏ အလားအလာကို ဖျက်ဆီးလျက်ရှိပြီး ယင်းက အခွင့်အလမ်းများကို တစ်စတစ်စ တိုက်စားနေကာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ပြန်ဆွဲမည့် အန္တရာယ်ရှိလာနေသည်ဟု သိရသည်။
လူငယ်အမျိုးသားများ၏ ၄၅ ရာခိုင်နှုန်းသည် ပညာဆက်လက် သင်ယူကြပြီး အမျိုးသမီးတွင် ၂၅ ရာခိုင်နှုန်းသာ ပညာဆက်လက် သင်ယူနိုင်ကြောင်း၊ အဆိုပါ အခြေအနေသည် အနာဂါတ်တွင် ကျား- မ အခြေပြု မညီမျှမှုများကို ပိုမိုမြင့်တက်စေနိုင်သည်ဟု UNDP က ထောက်ပြသည်။
အထက်တန်းပညာ ပြီးဆုံးထားသော အမျိုးသမီးများ၏ ၄၀ ရာခိုင်နှုန်းသည် အလုပ်မရှိဖြစ်နေပြီး အတန်းပညာ နည်းပါးသူများမှာ ၂၇ ရာခိုင်နှုန်းသာ အလုပ်မရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းအချက်က အလုပ်အကိုင် ဈေးကွက်သည် ပညာတတ် လူငယ်များ၊ အထူးသဖြင့် အမျိုးသမီးများကို အဓိပ္ပါယ်ရှိသော၊ တည်ငြိမ်သော အလုပ်များကို မဖန်တီးပေးနိုင်မှုကို မီးမောင်းထိုးပြနေသည်ဟု သိရသည်။
လူငယ်အားလုံး၏ ထက်ဝက်နီးပါးသည် အသက်မွေးကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများ လိုအပ်နေကြောင်း စစ်တမ်းအရ သိရပြီး အတန်းပညာ နည်းပါးသူများနှင့် ကျေးလက်ဒေသ၊ ပဋိပက္ခဒေသများတွင် နေထိုင်နေရသော လူငယ်များသည် ပိုမိုလိုအပ်ချက် မြင့်မားနေသည်ဟု UNDP ၏ စာတမ်းအရ သိရသည်။

