(005MK)
မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံးသောအရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဗဟိုမီဇိုးလူငယ်အသင်း (CYMA) က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြား ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ၎င်းတို့အနေဖြင့် မလိုလားကြောင်း အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်ဟု သိရသည်။
ဗဟိုမီဇိုးလူငယ်အသင်း(CYMA) ဥက္ကဌ Pu R.Lalngheta၊ ဒုဥက္ကဌ Prof. Lalnuntluanga, အတွင်းရေးမှူး Prof. Malsawmliana နှင့် ဘဏ္ဍာရေးမှူး H Duhkima တို့သည် ဗဟိုအစိုးရပြည်ထဲရေးဝန်ကြီးဌာန အတွင်းရေးမှူး Govind Mohan နှင့် နယူးဒေလီမြို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံကာ နယ်စပ်ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ဆွေးနွေးခဲ့ကြသည်ဟု Vanglaini သတင်းစာမှာဖော်ပြသည်။
အိန္ဒိယ-မြန်မာနယ်စပ် အထူးသဖြင့် မီဇိုရမ်ပြည်နယ် နှင့် ချင်းပြည်နယ်အကြား နယ်စပ်စပ်တံတိုင်း ခြံစည်းရိုးခတ်မည့် အစီစဉ်နှင့်ပတ်သက်၍ CYMA ၏ သဘောထားကို မေးမြန်းတောင်းခံရာမှာ နယ်စပ်ခြံစည်းရိုးခတ်ခြင်းသည် ချင်း(ဇို) မျိုးနွယ်စုညီအကိုများ၏ သွေးစည်ညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုအား ထိခိုက်စေနိုင်သည့်အတွက် ခြံစည်းရိုးခတ်ခြင်းကို မလိုလားကြောင်း တင်ပြခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ်လွှတ်တော်မှာလည်း အိန္ဒိယ-မြန်မာနယ်စပ် ခြံစည်းရိုးခတ်မည့်အစီစဉ်ကို ကန့်ကွက်သည့်အဆိုကို သဘောတူဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည့်အပြင် မီဇိုရမ်ပြည်နယ် နှင့် ဘင်္ဂလားဒေရှ့်နယ်စပ်ခြံစည်းရိုးခတ်သည့်အနေအထားကိုကြည့်လျှင် မီဇိုရမ်ပြည်နယ်ဘက်က နယ်မြေအမြောက်အများဆုံးရှုံးမှုရှိခဲ့ကြောင်း CYMA က အိန္ဒိယ ဗဟိုပြည်ထဲရေးဝန်ကြီးဌာန အတွင်း ရေးမှူးထံ တင်ပြပြောဆိုခဲ့ကြသည်ဟု သိရသည်။

