By မိုးကျော် – ချင်းပြည်နယ်ကို ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက်(ဘ်) ကူမား နှင့် မီဇိုရမ်ပြည်နယ် chief secretary(ပြည်နယ်အတွင်းရေးမှူး) Lalnunmawia Chuaungo တို့  မေလ ၈ ရက်နေ့က ရိခေါ်ဒါရ်မြို့တွင် တွေ့ဆုံးခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ချင်းပြည်နယ် တီးတိန် နယ်စပ်လမ်းအား အမြန်ဆုံး ဆောင်ရွက်သွားရန်၊ Indo-Myanmar Friendship Bridge ခေါ် အိန္ဒိယ-မြန်မာနယ်စပ် တံတားအား ကြီးမားပြီး ခိုင်ခံသော တံအားအသစ်တည်ဆောက်သွားရန် နှင့် တရားဝင်စနစ်တကျ နှစ်နိုင်ငံကုန်သွယ်သွားလာခွင့် ရှိရေး စသည့်ကဏ္ဍများ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။
ယင်းဆွေးနွေးခဲ့ကြသည့် ကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယဗဟို အစိုးရ Ministry of External Affairs ထံ တင်ပြပြီး ၄င်းမှတဆင့် မီဇိုရမ်ရှိ Bilateral Trade Potential ကိစ္စနဲ့ပတ်သက်ပြီး Joint seminar တစ်ရပ်ကို အမြန်ဆုံး ပြုလုပ်သွားမည်ဟုလည်း ဖော်ပြသည်။
ထို့ အပြင် ဘိုးဘေးများ အထွဋ်အမြတ်ထားရှိပြီး အမွေအနှစ်တစ်ခုဖြစ်သည့် ရိရေကန်သို့ လည်ပတ်သွားလာရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို ဖြေရှင်းပြီး တရားဝင် အလွယ်တကူသွားရောက်နိုင်ရေးကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်သို့ ၅ ရက်ကြာ လေ့လာကြည့်ရှုဖို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် မစ္စတာ ဆော်ရက် (ဘ်) ကူမားသည် အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းအခြေအနေများကို အဓိက လာရောက် ကြည့်ရှု့လေ့လာခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှတဆင့် ကုန်ဝင်ကုန်ထွက်များကို တရားဝင်အတိုင်းပြုလုပ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ကုန်သွယ်မှုများကို ပိုမိုပြီးကြပ်မတ်ဆောင်ရွက်သွားလိုဖို့အပ်ကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။