ကလေးမြို့နယ် ကလေး-ရာဇဂြိုလ်ကားလမ်းမပေါ် အောင်ရွာကျေးရွာ သင်္ချိုင်းကုန်းအနီး ပြည်သူများသွားလာသော လမ်း ဘေးတွင် ထောင်ထားကြသော မိုင်း ၃ လုံးကို CNO UCR နှင့် CNDF မိုင်းဆရာများက ယမန်နေ့ ဩဂုတ် ၁၄ ရက် မနက် ၁၁ နာရီတွင် သွားရောက်ကာ အထိအခိုက်မရှိ မိုင်းဖြုတ်နိုင်ခဲ့ကြသည်ဟု CNO UCR က ထုတ်ပြန်သည်။
ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ညောင်တောကျေးရွာအနီး တာဟန်း-လက်ပံချောင်း ကားလမ်းမဘေးတွင် ထောင်ထားသော မိုင်းတစ်လုံးကို ဖြုတ်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါမိုင်းများသည် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းများမှ ထောင်ထားကြသည်ကိုမူ မသိရပေ။
ယမန်နေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ကလေးမြို့ ဘူတာလမ်းခွဲအနီးတွင် အမှိုက်ရှင်းလင်းနေသူတစ်ဦး မိုင်းနင်းမိ၍ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ကလည်း ညောင်တောသင်္ချိုင်းကုန်းအနီးမှာ နွားတစ်ကောင်က မိုင်းနင်းမိ၍ နွားနှင့် ပြည်သူတစ်ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။