(006SV)
စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ စစ်ကော်မရှင်တပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း AAPP က ကြေညာသည်။
ချင်းအပါအဝင် နိုင်ငံတဝန်း လေကြောင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၃၀၂၃ ဦး သေဆုံးရ သည်ကို အမည်စာရင်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုနိုင်ရန် လိုအပ်နေသော သေဆုံးသူ အနည်းဆုံး ၂၆၉၀ ဦးခန့်ကိုလည်း သီးခြားကောက်ယူ ပြုစုထားသည်ဟု AAPP ထံမှ သိရသည်။
သေဆုံးသူပြည်သူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆၄၇ ဦးအပါအဝင် အမျိုးသမီး ၁၃၇၀ ဦး၊ အမျိုးသား ၁၆၅၃ ဦးတို့ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အောက်တိုဘာလ ၁ ရက်မှာ ထုတ်ပြန်သည်။
စစ်အာဏာသိမ်း ၄ နှစ်ကျော်တွင် စစ်တပ်သည် နိုင်ငံတဝန်းမှာ ကလေးငယ် ၆၀၀ ကျော် ပါဝင်သည့် ပြည်သူ ၂၉, ၀၀၀ ခန့်ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ဖမ်းဆီးထားပြီး ၎င်းတို့ထဲတွင် ချင်းပြည်နယ်မှ ပြည်သူ ၃၆၅ ဦး ပါဝင်သည်ဟု AAPP စာရင်းအရ သိရသည်။
စစ်ကော်မရှင်တပ်သည် လက်ရှိတွင် ကလေးငယ် ၂၄၈ ဦးအပါအဝင် ၂၂, ၀၀၀ ကျော်ကို ထိန်းသိမ်းချုပ်နှောင် ထားဆဲဖြစ်သည်ဟု သိရသည်။
ချင်းပြည်နယ်မှ ချင်းဒေသခံပြည်သူ ၁၈၁ ဦးအပါအဝင် နိုင်ငံတဝန်းမှာ ပြည်သူပေါင်း ၇၃၀၀ ကျော်ကို စစ်ကော်မရှင်က သတ်ဖြတ်မှု ကျူးလွန်သည်ကို စာရင်းပြုစုထားနိုင်ခဲ့သည်ဟုလည်း AAPP ထံမှ သိရသည်။
၎င်းတို့ထဲတွင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူအရေအတွက်မှာ ၂၂၁၂ ဦးအထိ ရှိခဲ့ပြီး စစ်အုပ်စု တပ်သားများ၊ အရာရှိများ၊ လက်ပါးစေများက လူတစ်ဦးတစ်ယောက် သို့မဟုတ် တော်လှန်ရေး လက်နက်ကိုင် တပ်သား တစ်ဦးဦးကို နည်းလမ်းမျိုးစုံသုံး၍ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အင်းအားသုံး၍ဖြစ်စေ၊ အကျဉ်းသားအပေါ် ပြုမှုရမည့် စံနှုန်းများကို လစ်လျူရှု၍ဖြစ်စေ အသက်သေဆုံးစေခြင်းကို ဆိုလိုသည်ဟု သိရသည်။
အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်နေသာ အကြမ်းဖက်မှုများကို ရပ်တန့်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ တာဝန်ခံမှု ရှိစေရေးအတွက် စစ်တပ်၏ ကျူးလွန်မှုများကို စုံစမ်းစစ်ဆေး၍ ပြစ်ဒဏ်ကင်းလွတ် ခွင့် ရနေမှုများကို အဆုံးသတ်ရန် လိုအပ်နေသည်ဟု AAPP က ကြေညာသည်။
ထိခိုက်ခံစားနေရသော ပြည်သူများအတွက် တရားမျှတမှု၊ ပြည်လည်ကုစားပေးလျော်မှု၊ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဖြစ်သော ၎င်းတို့၏ လုံခြုံမှု၊ နေအိမ်နှင့် အခြေခံလိုအပ်ချက်များ ရရှိရေး အထောက်အပံ့ပေးရန် တာဝန်ရှိ လူပုဂ္ဂိုလ်၊ အစုအဖွဲ့အသီးသီးနှင့် နိုင်ငံတကာမှ အမြန်ဆုံး ဖော်ဆောင်ရန် လိုအပ်နေသည်ဟု သိရသည်။

