စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှုအားလုံးကို တားမြစ်ပြီး ဖြစ် မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် မည်သူမဆို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ချင်းညီနောင်က ယနေ့စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စစ်ကော်မရှင်သည် ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ တရားမဝင်ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းသည် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထု၏ အချုပ်အခြာအာဏာကို အတင်းအဓမ္မရယူရန်ကြိုးစားနေခြင်းဖြစ်သည်ဟု ချင်းညီနောင်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတဝှမ်းလုံးရှိ အရပ်သားပြည်သူများပစ်မှတ်ထားတိုက်ခိုက် ခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်သည့်ဥပဒေများ ချမှတ်ထားခြင်းနှင့် ပြည်သူကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ မပါဝင်ခြင်းတို့ကြောင့် စစ်ကော်မရှင်ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုမရှိသည့် အတု အယောင်ရွေးကောက်ပွဲဖြစ်သည်ဟု ချင်းညီနောင်ကပြောသည်။
စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်သည့် အစိုးရ ဖြစ်မလာစေသည့်အပြင် ပဋိပက္ခကိုပိုမိုကြီးထွားစေပြီး နိုင်ငံသားတိုင်း တန်းတူမဲပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရ ထွက် ပေါက်ရှာသည့်အနေဖြင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းမှုသာဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ကြောင့် ချင်းညီနောင်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ ကာ ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေး ကောက်ပွဲကို အားပေးထောက်ခံခြင်း မပြုကြရန်မေတ္တာရပ်ခံထားသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် အဖိနှိပ်ခံပြည်သူလူထုတို့၏ ဘဝဆင်းရဲဒုက္ခကို မငဲ့ဘဲ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မည့်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးသည့် မည်သူမဆို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ချင်းညီ နောင်က သတိပေးထားသည်။
တော်လှန်ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုကြ ရန် ချင်းညီနောင်က အသိပေးထုတ်ပြန်ထားသည်။
စစ်ကော်မရှင်သည် ယခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း ၁ ကို စတင်ကျင်းပမည်ဖြစ်ပြီး ရွေး ကောက်ပွဲအပိုင်း ၁ မှာ ဟားခါး နှင့် တီးတိန်မြို့နယ်တို့ပါဝင်သည်။
မြို့နယ် ၉ မြို့နယ်ရှိသော ချင်းပြည်နယ်တွင် စစ်ကော်မရှင်က ရွေးကောက်ပွဲကို ဟားခါး၊ တီးတိန်၊ ဖလမ်း၊ ထန်တလန် နှင့် တွန်းဇံမြို့နယ်တို့တွင် ကျင်းပမည်ဟု ကြေညာထားပြီး တောင်ပိုင်း ၄ မြို့နယ်ဖြစ်သော ပလက်ဝ၊ မင်းတပ်၊ ကန်ပက် လက် နှင့် မတူပီမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ကြေညာထားသည်။

