(004SS)
ချင်းပြည် (Chinland) အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်သော ဝန်ကြီးများအဖွဲ့သည် မတူပီမြို့နယ်နှင့် ဇိုတုန်ဒေသများရှိ ဒေသန္တရ အစိုးရရုံးစိုက်ရာ နေရာများသို့ သွားရောက်ကာ ဒေသန္တရအစိုးရယန္တရား အားကောင်းစေရေးနှင့် ဒေသဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာ အဆိုပါခရီးစဉ်တွင် ဝန်ကြီးချုပ်ဆလိုင်းမျိုးထိုက်နှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုဖွံ့ဖြိုးရေးဝန်ကြီးများသည် မတူပီကောင်စီ (Matupi Council) နှင့် ဇိုတုန်ဒေသဆိုင် ရာကောင်စီ (Zotung Regional Council) တို့မှ တာဝန်ရှိသူများနှင့် ဒေသအသီးသီးတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ချင်းပြည်အစိုးရအဖွဲ့က ဖော်ပြထားသည်။
ချင်းပြည်အစိုးရ ဝန်ကြီးများ ကွင်းဆင်းခရီးစဉ်သည် ၎င်းအဖွဲ့၏ အုပ်ချုပ်မှုယန္တရား ပိုမိုခိုင်မာလာစေရန် နှင့် ဒေသန္တရအစိုးရ အားကောင်းလာစေန် ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းမှုအတွင်း ဒေသန္တရအုပ်ချုပ်ရေးအတွက် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှာများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မတူပီကောင်စီညီလာခံ ကျင်းပနေသည့် အစီအစဉ်သို့လည်း ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ညီလာခံတွင် ချင်းအမျိုးသားတပ်ဦး (CNF) မှ အကြီးအကဲများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း ချင်းပြည်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

