တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်သူလူထု၏ ဆန္ဒနှင့် CDM လှုပ်ရှားမှုများ၏ ရည်မှန်းချက်များကို အလေး ထားကာ စစ်အုပ်စုအတွက် တရားဝင်စေမည့် လုပ်ရပ်များကို ရှောင်ရှားပြီး ခေတ်စနစ်ပြောင်းလဲရေးကို သာရှေ့ရှု၍ ပြည်သူ့တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်သွားကြရန် ချင်းလဲန်းကောင်စီက တိုက်တွန်းလိုက်သည်။
ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ချင်းလဲန်းကောင်စီက ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
စစ်အုပ်စုသည် ၎င်းတို့ကိုယ်တိုင်က တစ်ဖက်သတ်စိတ်ကြိုက်ဖွဲ့စည်းလိုက်သည့် ရွေးတုအစိုးရကို တရားဝင်ဒီမိုကရေစီ အစိုးရအဖြစ် အသိအမှတ်ပြုခံရရှိရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေသည်ဟုဆိုသည်။
ထို့ကြောင့် ကြည်း၊ ရေ၊ လေ အင်အားအားလုံးရင်းသုံးလျက် စစ်ရေး အရှိန်မြှင့်လာခြင်း၊ အပြစ်မဲ့ပြည်သူများ အပေါ် ရည်ရွယ် ချက်ရှိရှိ ပိုမိုအကြမ်းဖက်တိုက်ခိုက်လာခြင်း၊ အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံတချို့၏ ဖိအားကို အသုံးပြု၍ တော်လှန် ရေးအင်အားစုများကို သီးခြားစီတွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်နေခြင်းများအပေါ် အထူးသတိထား ရမည်ဟု လည်း ချင်းလဲန်းကောင်စီကပြောသည်။
စစ်အုပ်စုအနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အမှန်တကယ်ဆန္ဒရှိပါက အရပ်သား ပြည်သူအဆောက်အဦးများ၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေး အဆောက်အဦးများ အပါအဝင် အရပ်သား ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ စစ်ဘေးဒုက္ခသည် အရပ်သားပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလွတ်လပ်စွာဝင်ရောက်စေခြင်း၊ အတင်းအဓမ္မစစ်သား စုဆောင်းခြင်းများရပ်ဆိုင်းခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကို ကနဦးဆောင်ရွက်ခြင်းဖြင့် သက်သေပြရမည်ဟုလည်း ချင်းလဲန်းကောင်စီက တောင်းဆိုထားသည်။
ချင်းပြည် (Chinland) ကောင်စီ ဒုတိယသက်တမ်း၊ တတိယအကြိမ် ကောင်စီအစည်းအဝေးတွင် လွှတ်တော်အစုအဖွဲ့၊ မြို့နယ်/ ဒေသ အစုအဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦးအစုအဖွဲ့ အသီးသီးမှ ကောင်စီကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြပြီး ကောင်စီနှင့် မဏ္ဍိုင်သုံးရပ်၏ လုပ်ငန်းအစီရင်ခံစာများ၊ ဒေသန္တရအစိုးရအသီးသီး၏ လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့အပြင် အစည်းအဝေးတွင် စစ်ရေး၊ နိုင်ငံရေး သုံးသပ်ခြင်း၊ ချင်းပြည် (Chinland) ကောင်စီနှင့် မဏ္ဍိုင်သုံးရပ် အကြား၊ ချင်းပြည် (Chinland) အစိုးရနှင့် ဒေသန္တရအဆင့် အစိုးရများ ပိုမိုအားကောင်းရေးနှင့် အစိုးရ ရှိဖ်လွှာအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းရေး၊ ချင်းပြည် (Chinland) အစိုးရတပ်ဖွဲ့ ပိုမိုခိုင်မာ အားကောင်းရေးနှင့် ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြသည်ဟု သိရသည်။

