(002MG)
ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုကြောင့် (၁) လအတွင်း အမျိုးသမီး (၅၅) ဦး သေဆုံးပြီး (၅၂) ဦး ထိခိုက်ဒါဏ်ရာများရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ စက်တင်ဘာလ (၄) ရက်တွင် ထုတ်ပြန်သည်။
၂၀၂၆ ခုနှစ် ဩဂုတ်လ (၁) ရက်မှ (၃၁) ရက်အထိ တစ်လအတွင်း ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် (၉) ခုတွင် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင်း အမျိုးသမီး ၅၅ ဦးအထိ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
အဆိုပါ သေဆုံးခဲ့ရသည့် အမျိုးသမီး (၅၅) ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် (၆) ပါဝင်သည်ဟု သိရသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ (၅၂) ဦးရှိခဲ့ပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုကြောင့် (၄၃) ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် (၃) ဦး၊ မီးရှို့သတ် ဖြတ်ခံရမှုကြောင့် (၉) ဦး၊ကျည်ထိမှန်မှုကြောင့် (၃) ဦး၊မြေမြှုပ်မိုင်းကြောင့် (၃) ဦး တို့ဖြစ်ကြသည်။

တိုင်းနှင့်ပြည်နယ် (၉) ခုထဲတွင် ရခိုင်ပြည်နယ်တွင် (၁၇) ဦးဖြင့် အမျိုးသမီးသေဆုံးသူအများဆုံးဖြစ်ကာ စစ်ကိုင်း တိုင်းတွင် (၁၃) ဦး၊ ချင်းပြည်နယ်တွင် (၉) ဦး၊ မကွေးတိုင်းတွင် (၆) ဦး၊ ပဲခူးတိုင်းတွင် (၃) ဦး၊ ကရင်နီပြည်နယ်တွင် (၃) ဦး၊ ကရင်ပြည်နယ်တွင် (၂) ဦး၊မန္တလေးတိုင်းတွင် (၁) ဦး၊တနင်္သာရီတိုင်း တွင်း(၁) ဦး တို့ဖြစ်ကြသည်။
အာဏာသိမ်းစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ်ကျူး လွန်သည့် ရာဇဝတ်မှုများ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများအား နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန် နေ သောကြောင့် အ မျိုးသမီး များ၏ နေ့စဉ်ဘဝတွင် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုပုံစံများကြောင့် အမျိုးသမီးများ အသက်ဆုံးရှုံးနေကြရခြင်းဖြစ်သည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် အစိုးရတစ်ရပ်ပုံစံ ပုံဖော်နေသော်လည်း လက်တွေ့မှာ နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းတိုက်ခိုက်ခြင်း၊ ပြည်သူများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း အ ကြမ်းဖက်လုပ်ရပ်များကိုသာ အစဉ်မပြတ်တွင်ကျယ်စွာလုပ်ဆောင်နေ သော ကြောင့် စစ်တပ်၏ အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရန်အတွက် အား ကောင်း၊ တိကျသေချာသည့် အကူအညီနှင့် လက်တွေ့လုပ်ဆောင်မှုများ အ ရေးတကြီးလိုအပ်ကြောင်း အမျိုးသမီးသမဂ္ဂ (BWU) က တိုက်တွန်းထားဖော်ပြထားသည်။

