(006SV)
ချင်းပြည်နယ်၊ ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း ပြည်သူများ၏ လုံခြုံရေးအတွက် အာဏာသိမ်းစစ်တပ်အုပ်စု၏ ထောက်တိုင်များဖြစ်သော Non – CDM များ၊ ဒလန်များကို တော်လှန်ရေးကာလအတွင်း လိုက်နာရန် ပြဌာန်းထားသော ဥပဒေဖြင့် အရေးယူသွားမည်ဟု ဆဲင်ထန်ဗဟိုကောင်စီထံမှ သိရသည်။
ဆဲင်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီ အစည်းအဝေးနှင့် ပတ်သက်၍ ဩဂုတ်လ ၃၁ ရက်က ထုတ်ပြန်ရာတွင် ယင်းသို့ ကြေညာလာခြင်းဖြစ်သည်။
ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို ပြည်သူများ၏ လိုလားချက်နှင့်အညီ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
“ပြည်သူများ၏ လုံခြုံရေးကို ရှေရှု၍ အကြမ်းဖက်စစ်အုပ်စု၏ ထောက်တိုင်များဖြစ်သော Non – CDM များ၊ ဒလန်များကို တော် လှန်ရေးကာလအတွင်း လိုက်နာရန် ပြဌာန်းထားသည့် သက်ဆိုင်ရာ ဥပဒေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်” ဟု ဆဲင်ထန်ဗဟိုကောင်စီက ဆိုသည်။
စစ်အုပ်စုသည် အာဏာရှင်စနစ် ဆက်လက်ရှင်သန်နိုင်ရေးအတွက် ပြည်သူများအပေါ် လေကြောင်းရန်ကို ဗဟိုပြု၍ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတွင် နည်းမျိုးစုံဖြင့် ဖိအားပေး စည်းရုံး သိမ်းသွင်းလျက်ရှိသည်ဟု သိရသည်။
ပြည်သူများအနေဖြင့် စစ်အုပ်စု၏ လုပ်ဆောင်ချက်များတွင် ပူးပေါင်းပါဝင်ခြင်း မပြုဘဲ မိမိတို့၏ အမျိုးသားရေးနှင့် ပြည်သူ့ အကျိုးစီးပွားကို ထိခိုက်စေမည့် လုပ်ရပ်များမှ ရှောင်ရှားကြရန်နှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆဲင်ထန်ဗဟိုကောင်စီက အသိပေးထားသည်။
ဆဲင်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေများကို သက်ဆိုင်ရာဌာန၊ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်၊ ခွင့်ပြုချက် မရှိဘဲ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာမြေခုတ်ထွင်ခြင်း၊ လယ်ယာမြေ ပြုလုပ်ခြင်း နယ်နိမိတ်တိုင်းတာခြင်းများ မပြုလုပ်ရန် ဆဲင်ထန် ဗဟိုကောင်စီက တားမြစ်လိုက်သည်။
ယင်းတားမြစ်ချက်များကို ပြုလုပ်ပါက ဆဲင်ထန်ဗဟိုကောင်စီ၏ သက်ဆိုင်ရာ ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု သိရသည်။
ဆဲင်ထန်ဗဟိုကောင်စီ ဒုတိယသက်တမ်း၊ ဒုတိယအကြိမ် ကောင်စီအစည်းအဝေးကို ဩဂုတ်လ ၂၈ ရက်က ကျင်းပခဲ့ပြီး ကောင်စီနှင့် မဏ္ဍိုင်သုံးရပ်၏ လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
စစ်ရေး၊ နိုင်ငံရေး အခြေအနေများကို သုံးသပ်ခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးကောက်တင်မြောက်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

