စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ဗုံကြဲ ဟုဆို
(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် ၂ ထဲက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သိရသည်။
ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီခန့်တွင် တိုက်နယ်အမှတ် ၂ ထဲမှ ကျေးရွာတစ်ရွာ၏ နေရာ ၂ ခုကို စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးဟူ၍ ယူဆရသော ဗုံး ၄ လုံး အသုံးပြုပြီး ၂ ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်ဟု မင်းတပ်ဒေသခံတချို့ထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် KG မူလတန်းတက်ရောက်နေသော ကလေးငယ်၁ ဦး၊ ၉ တန်း တက်ရောက်နေသော ကလေးငယ် ၁ ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ကျား ၄ဦး၊ မ ၄ ဦး စုစုပေါင်း ၈ ဦးသေဆုံးခဲ့ကြောင်း၊ ဒေသခံအရပ်သားပြည်သူ ၁၀ ဦးကျော်လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ထိခိုက်သေဆုံး ဒဏ်ရာရရှိသူများထဲတွင် အဆိုပါကျေးရွာတွင် စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင် ပြည်သူများ ဝင်ပါပြီး ပြည်သူ့နေအိမ် အလုံး ၂၀ ဝန်းကျင်ခန့်မှာ ထိခိုက်ပျက်စီးသကဲ့သို့ နေအိမ်တချို့သည် မီးလောင်ပြာကျသွားသည်ဟု သိရသည်။
“ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းကို ခါတိုင်းထက် ပိုသတိထားကြဖို့၊ လူစုလူဝေးရှောင်ဖို့နဲ့ မပေါ့ဆကြဖို့ လိုအပ်တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်တပ်သည် စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သားများနေထိုင်သော ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူများမှာ သေဆုံးမှု၊ ထိခိုက်မှု များပြားသည်ဟု မင်းတပ်မြို့နယ်၊ တိုက်နယ် -၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အပြစ်မဲ့ အရပ်သားပြည်သူများကို ဦးတည်သည့် ယခုကဲ့သို့ လူမဆန်သော အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံပြည်သူများနှင့် ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြပါသည်ဟု တိုက်နယ်- ၂ ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့က ဩဂုတ်လ ၃၀ ရက်မှာ ထုတ်ပြန်ထားသည်။
ချင်းတောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့ကို စစ်တပ်က မေလလယ်ကတည်းက အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်နေရာ ချင်းပူးပေါင်းတပ်နှင့် မဟာမိတ်တပ်များက နှစ်လကျော်အထိ ခုခံတိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် ချင်းတောင်ပိုင်း ထိုးစစ်ကာလအတွင်း မင်းတပ်၊ ကန်ပက်လက်ပါအဝင် CPU/ CPA ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၆၀၀ ထက်မနည်း ပြုလုပ်ခဲ့သည်ဟု CPU/ CPA က ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန်ထားသည်။

