(006SV)
ဖလမ်း-ဟားခါး ကားလမ်းမပေါ်ရှိ Rialti ရွာအဝင်မှာ သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းတို့ သေနတ်ဒဏ်ရာများဖြင့် သေဆုံးရ မှုဖြစ်စဉ်သည် ၎င်းနယ်မြေကို ထိန်းချုပ်ထားသော စစ်တပ်လက်ချက်သာဖြစ်ပြီး ချင်းတော်လှန်ရေး အင်အားစုများနှင့် သက်ဆိုင်မှု မရှိကြောင်း CDF – ဟားခါး ဥက္ကဌက ပြောသည်။
“ဒေသခံတွေ၊ ဒေသတွင်းက ပြည်သူတွေ၊ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ အကုန်လုံးကို မေးကြည့်လိုက်။ ဟားခါးနဲ့ ဒီကလေးအထိ စစ်ခွေးတွေကပဲ လောလောဆယ်တော့ စိုးမိုး၊ ထိန်းချုပ်ထားတာ။ လုံးဝပဲ ကျနော်တို့က အဝင်အထွက် မလုပ် နိုင်ဘူး။ အဲဒီဘက်ကို အင်အားအလုံးရင်းနဲ့ ပစ်ပြီး ချေးမှုန်းမှပဲရမယ့်အခြေအနေပေါ့။ CNA ပဲဖြစ်ဖြစ် ကျနော်တို့ CDF – ဟားခါးပဲဖြစ်ဖြစ်၊ CNDF ပဲဖြစ်ဖြစ် ဘယ်အဖွဲ့ကမှ လောလောဆယ်တော့ အဲဒီဘက်ကို သွားလာနိုင်တာ မဟုတ်ဘူး” ဟု CDF – ဟားခါး ဥက္ကဌ ဆလိုင်းဟရမ်လျန်က ပြောသည်။
ယခုနှစ်မေလမှ စတင်၍ ဟားခါး- ဖလမ်းကြားတွင် စစ်တပ် စခန်း ၈ နေရာခန့်ရှိပြီး ယင်းတို့မှာ Hniarlawnthar၊ Chuncung၊ Dokthek၊ Tlangzar၊ Laikua၊ Thlanrawn)၊ Lungpi ကျေးရွာနှင့် အနီးနား ပတ်ဝန်းကျင်မှာ ရှိကြောင်း၊ ဟားခါး- ကလေးကြားမှာ စစ်တပ် ဂိတ်ပေါင်း ၁၇ ခုထိ ရှိကြောင်း သိရသည်။
လက်ရှိမှာ ချင်းပြည်နယ်စစ်အစိုးရ ဝန်ကြီးချုပ်ခရီးစဉ်များ၊ နေပြည်တော်မှ ရောက်ရှိလာသော စစ်အစိုးရ အဖွဲ့ဝင်တချို့၏ ခရီးစဉ်များသည် ကလေး- ဟားခါး- ဖလမ်း လမ်းကြောင်းမှာ အများအပြား ရှိပြီး ယင်းခရီးစဉ်မျာ၏ သတင်းများကို အတိအကျ ရရှိသော်လည်း သွားရောက်တိုက်ခိုက်နိုင်သည့် အခြေအနေပင် မရှိသေးကြောင်း CDF – ဟားခါး ဥက္ကဌက ပြောသည်။
ဟားခါးမြို့မှ ဖလမ်းမြို့သို့ သုံးဘီးဖြင့် ပြန်လာသော ကလေး ၂ ဦးအပါအဝင် သားအမိ ၃ ဦးနှင့် သုံးဘီးယာဉ်မောင်းတို့သည် အောက်တိုဘာလ ၃၁ ရက်က အဆက်အသွယ်ပြတ်တောက်သွားရာမှ Rialti ရွာအဝင်မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေမှုကို နိုဝင်ဘာလ ၁ ရက်မှာ တွေ့ရှိခဲ့ကြသည်။
သေဆုံးသွားသူ သားအမိ ၃ ဦး၏ ဖခင်နှင့် ခင်ပွန်းဖြစ်သူမှာ ဟားခါးမြို့မှ Non – CDM ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု သိရသည်။
“အဲဒီနားမှာ၊ အဲဒီလမ်းကြောင်း တစ်ခုလုံးမှာ ရှိနေတာက စစ်ခွေးတွေပဲ။ သူတို့က တစ်ခါတလေ ဝတ်စုံအပြည့်နဲ့။ တခါတလေ အရပ်ဝတ်နဲ့၊၊ ဟားခါးမြို့ပေါ်မှာလည်း အရပ်ဝတ်တွေနဲ့ ဒီလို ဝင်ထွက်နေကြတဲ့ဟာတွေ အများကြီးရှိတယ်။ အဲဒီ ဖလမ်းအကျော် Rialti နားဆိုရင်လည်း သူတို့တွေပါပဲ။ အဲဒါကို ဘယ်လိုလုပ်ပြီးမှ ကျနော်တို့ တော်လှန်ရေးဘက်ကို စွပ်စွဲနိုင်သလဲဆိုတာ ကျနော် နားမလည်တာ။ လုံးဝကို သူတို့တွေရဲ့ အပေါင်းအပါတွေပဲ ဖြစ်မယ်။ သူတို့လုပ်ရပ်ကို ဖုံးကွယ်ချင်လို့၊ တော်လှန်ရေးဘက်ကို အိုးမည်း သုတ်ချင်လို့ပဲ ဖြစ်မှာပါ။ ကျနော်တို့မှာက အဲဒီဘက်ကို စစ်ရေးလှုပ်ရှားမှု မရှိသလို၊ အဲဒီနားတစ်ဝိုက်မှာလည်း ကျနော် တို့က စခန်းချပြီး နေတာလည်း မဟုတ်ဘူး” ဟု CDF – ဟားခါး ဥက္ကဌက ပြောသည်။
အဆိုပါသတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းတော်လှန်ရေးအင်အားစုများနှင့် အာဏာသိမ်းစစ်တပ်ဝင်များက ကျူးလွန် ခြင်းဖြစ်ကြောင်း အဖွဲ့သီးသီးထံ စွပ်စွဲမှုများ ရှိသကဲ့သို့ ဆိုရှယ်မီဒီယာပေါ်တွင်လည်း ထင်မြင်ယူဆချက်များ၊ စွပ်စွဲချက်အမျိုးမျိုး ထွက်ပေါ်လျက်ရှိသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့များ ကျူးလွန်သည်ဟူ၍ စွပ်စွဲနေသူများသည် ဒေသခံပြည်သူများနှင့် ဒေသတွင်း အင်အားစုများ မဟုတ်ဘဲ ပြည်မဘက်နှင့် ပြည်ပရောက်နေသူများက ထင်မြင်သလို သုံးသပ်ပြောနေခြင်းဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ကြိုက်သလို ရေးနေ၊ စွပ်စွဲနေသူများကို တရားစွဲချင်ကြောင်း CDF – ဟားခါး ဥက္ကဌက ပြောသည်။
ဖလမ်း-ဟားခါးကားလမ်းပေါ်မှာ သေဆုံးခဲ့သူများမှာ အသက် ၄၃ နှစ်အရွယ် Nu Hrang Cer Thluai နှင့် သမီး ၂ယောက်ဖြစ်သည့် အသက် ၁၆ နှစ်အရွယ် Mai Cer Sin Mawi Leng Chiang ၊ အသက် ၉ နှစ်အရွယ် Mai Noel Pam Chaingနှင့် သုံးဘီးယာဉ်မောင်း အသက် ၃၅ နှစ်အရွယ် ကိုအောင်ကျော်ထွေး (ခ) အောင်လေးတို့ဖြစ်သည်။

