ချင်းပြည်နယ်၊ တီးတိန်မြို့နယ် Lamzang ကျေးရွာမှ နှစ်ခြင်းအသင်းတော် ပါစတာ Rev Dal Thawn Tuang သည် ယနေ့ညနေပိုင်း ၄ နာရီခန့်တွင် ကပ်တဲလ်တံတားအနီးမှာ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
Rev Dal Thawn Tuang သည် ဘာသာရေးကိစ္စတစ်ခုကြောင့် အကိုဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာကိုသွားရောက်ပြီးနောက် Lamzang ရွာသို့ပြန်လာကြသည့်အချိန် ယနေ့ညနေပိုင်း ၄ ခန့်က ကပ်တဲလ်တံတားအရောက်တွင် သေနတ် ကျည်ဆံထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။
“သူ့အကိုနဲ့တွီးတော့ရွာကို ဘာသာရေးကိစ္စနဲ့သွားပြီး ပြန်လာတဲ့အချိန်မှာ အဲဒီလိုအဖြစ်ဆိုးနဲ့ကြုံတွေ့ရတာလို့ သိရ တယ်၊ အကိုဖြစ်သူကလည်း ဒဏ်ရာရရှိတယ်လို့သိရပါတယ်၊ သေဆုံးရတဲ့အကြောင်းအရင်းအတိအကျကိုတော့ မသိရပေမယ့် ကျနော်တို့သိရသလောက်ကတော့ ဒီနေ့မှာ PDF-Zoland နဲ့ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ကျည်ဆံတွေက ပါစတာ တို့ကိုထိသွားတာ လို့ပဲသိရတယ်” ဟု တီးတိန်မြို့ခံ တစ်ဦးကပြောသည်။
တီးတိန်မြို့နယ်ထဲမှာ PDF-Zoland ကဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်း ၈၀ ကျော်သည် ယမန်နေ့ညနေပိုင်းက ထွက်ပြေးသွားကြပြီး PDF-Zoland တပ်ဖွဲ့က တောနင်းရှာဖွေကာ ယနေ့ညနေပိုင်းမှာ ကပ်တဲလ်ကျေးရွာအနီးတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်ဟု သိရသည်။
ထိုသို့ပစ်ခတ်မှုဖြစ်ပွားစဉ် ကျည်ဆံတွေက ပါစတာတို့ကို ထိမှန်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
ပါစတာ Rev Dal Thawn Tuang ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ Lamzang ကျေးရွာ ZYA ကလည်း ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

