(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မဏိပူရမြစ်ကူး (ကပ်တဲလ်တံတား) အနီးတွင် ကျည်ဆန်ထိမှန်၍ သေဆုံးသွားခဲ့သည့် Lamzang နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ၏ ခန္ဓာကိုယ်တွင် သေနတ်ကျည်ဒဏ်ရာ ၃ ချက်တွေ့ရှိရပြီး မတော်တဆကျည်ထိမှန်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။
သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang သည် သူငယ်ချင်းဖြစ်သူနှင့်အတူ တွီးတော့ကျေးရွာသို့ အသင်းတော်ဆိုင်ရာ ကိစ္စဖြင့်အကူအညီပေးရန်သွားရောက်ခဲ့ပြီးနောက် ကပ်တဲလ်ကျေးရွာတွင်သူငယ်ချင်းဖြစ်သူနှင့်လမ်းခွဲကာ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းက Lamzang ကျေးရွာသို့ဆိုင်ကယ်ဖြင့် တစ်ယောက်တည်းပြန်လာစဉ် ကပ်တဲလ်တံတားအနီး၌ ပစ်ခတ် ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အစကနဦးပိုင်းတွင် Rev. Dal Thawn Tuang သေဆုံးမှုနှင့်ပတ်သက်၍ PDF-Zoland နှင့် ထွက်ပြေးသွားသည့် စစ်သုံ့ပန်း များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကျည်ဆန်ထိမှန်ခြင်းကြောင့် မတော်တဆဆုံးပါးသွားသည်ဟု ယူဆခဲ့ကြသော် လည်း သင်းအုပ်ဆရာ၏ရုပ်အလောင်းကို သေချာစစ်ဆေးကြည့်သည့်အခါ အရှေ့ကနေ ပစ်ခတ်ခံရသော ကျည်ဆန်ဒဏ်ရာ ၃ ချက်တွေ့ရှိရသည်ဟု အခြေအနေကိုသိရှိသူ Lamzang ကျေးရွာဒေသခံတစ်ဦးကပြောသည်။
“သူ့ကို တစ်ဖွဲ့ဖွဲ့က ရန်သူထင်ပြီး ပစ်သတ်လိုက်တဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပစ်ခတ်မှုကြား ရောက်နေလို့ ပစ်ခတ်ခံရတာဆိုရင် ဒဏ်ရာအနေအထားက တစ်မျိုးသိသာတာပေါ့။ အခုက သူ့ခန္ဓာကိုယ်ပေါ်မှာ ကျည်ထိမှန်ဒဏ်ရာ ၃ ချက်ရှိတယ်။ အကုန်လုံးက အရှေ့ကနေ ပစ်ခတ်ခံရတဲ့ အနေအထားမှာ ရှိတယ်။ သူ့ဆိုင်ကယ်ကလည်း အရှေ့ကနေ ပစ်ခတ်ခံရပြီး တော်တော် ပျက်စီးသွားတယ်။ ဒဏ်ချက်တွေကတော့ ရင်ဘတ်မှာတစ်ချက်၊ ဝမ်းဗိုက်မှာတစ်ချက်၊ ပေါင်မှာတစ်ချက် ထိထားတာပါ။ ဆိုတော့ ပစ်သတ်ခံရမှန်း သိသာပေမဲ့ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရပါဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
Rev. Dal Thawn Tuang ၏ရုပ်အလောင်းကိုသေချာစစ်ဆေးသည့်အခါ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ပေါင် စသည့် ၃ နေရာတွင် ကျည်ဆန်ထိမှန်ကြောင်းတွေ့ရှိရပြီး ယင်းအနေအထားသည် မတော်တဆ ကျည်ထိမှန်ခြင်းမဖြစ်နိုင်ဘဲ တမင်တကာပစ် သတ်ခံရခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်ညနေပိုင်းက တီးတိန်မြို့နယ်တွင် PDF-Zoland ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်း အယောက် ၈၀ ခန့်သည် တာဝန်ကျအစောင့်ကိုရိုက်နှက်ပြီး လက်နက်နှင့်အတူ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ထွက်ပြေးသွားကြပြီးနောက် PDF-Zoland တပ်ဖွဲ့က လိုက်လံ ရှာဖွေကာ စက်တင်ဘာ ၁၄ ရက်ညနေပိုင်းမှာ Rev. Dal Thawn Tuang သေဆုံးသည့်နေရာ ကပ်တဲလ်တံတားအနီးမှာ စစ်သုံ့ပန်းများ နှင့် PDF-Zoland တပ်ဖွဲ့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသည်။
အခြားသောသတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါပစ်ခတ်မှုမဖြစ်ပွားခင်မှာ Rev. Dal Thawn Tuang ကို စစ်သုံ့ပန်း များက ၎င်းတို့ကိုလိုက်ရှာနေသူများဟုယူဆပြီး ပစ်သတ်သွားခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။
Rev. Dal Thawn Tuang သည် Lamzang Baptist Church တွင် သင်းအုပ်ဆရာအဖြစ် အမှုတော်ဆောင်နေသူဖြစ်ပြီး အသင်းတော်တွင် အမှုတော်ဆောင်သက်တမ်း နှစ် ၂၀ ကျော် ရှိပြီဟု သိရသည်။
သိက္ခာတော်ရဆရာ Rev. Dal Thawn Tuang ၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၆ ရက်ညနေပိုင်းတွင် Lamzang ကျေးရွာ၌ ဂူသွင်းသဂြိုလ်ခဲ့ကြပြီး ဇနီး နှင့် သား ၂ ယောက်၊ သမီး ၁ ယောက် ကျန်ရစ်ခဲ့ကြောင်းသိရသည်။

