မီဇိုးစကားအသုံးမပြုသော အုတ်ဂူများကိုလည်း တစ်ပတ်အတွင်းပြန်ပြင်ခိုင်း
(005MK)
မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာ မီဇိုးလူငယ်အသင်း- YMA က ၎င်းတို့ကျေးရွာ သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာ စကားကို မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်းနှင့် မီဇိုးစကားအသုံးမပြုသော ရှိနှင့်ပြီးသားအုတ်ဂူများ ကိုလည်း တစ်ပတ်အတွင်းပြန်လည်ပြင်ဆင်ရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။
Zokhawthar ကျေးရွာသည် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာဖြစ်ပြီး ချင်းလူမျိုးစစ်ဘေး ရှောင်ထောင်နှင့်ချီနေထိုင်ကြသည့်နယ်စပ်ရွာကြီးတစ်ရွာဖြစ်သည်။
မကြာသေးခင်ရက်ပိုင်းက Zokhawthar YMA က ကြေညာချက်ထုတ်ပြန်ကာ Zokhawthar ကျေးရွာအတွင်းရှိ သင်္ချိုင်းဂူများတွင် မီဇိုဘာသာစကားမဟုတ်သော အခြားဘာသာစကားများဖြင့် ရေးသားထားမှုများကို တစ်ပတ် အတွင်း ပြန်လည်ပြင်ဆင်ရန် အသိပေးထားသည်ဟု မီဇိုရမ်ဒေသတွင်း Maipawl သတင်းဌာနကထုတ်ပြန်သည်။
သတ်မှတ်ထားသည့်ကာလအတွင်း ပြင်ဆင်ခြင်းမရှိပါက Zokhawthar Branch YMA အနေဖြင့် လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဟုလည်းဖော်ပြထားသည်။
Zokhawthar ကျေးရွာ သင်္ချိုင်းမှာ မီဇိုဘာသာစကား အသုံးမပြုချင်သူများအတွက် မြှုပ်နှံခွင့်မရှိကြောင်း နှင့် သင်္ချိုင်းကျောက်စာများကိုလည်း မီဇိုဘာသာစကားဖြင့်သာ ရေးသားကြရန်အသိပေးထားသည်။
ယခုကိစ္စနှင့်ပတ်သက်၍ နယ်စပ်တွင်နေထိုင်သောချင်းအမျိုးသားတစ်ဦးက အလွန်အစွန်းရောက်သည့်လုပ်ရပ်ဖြစ် သည်ဟု ပြောဆိုသည်။
“ကိုယ့်သင်္ချိုင်း အုတ်ဂူမှာ ကိုယ့်နာမည်၊ ဘာသာစကားတောင် ရေးသားဖော်ပြခွင့်မရှိဘူးဆိုတာကတော့ အလွန်ကို အစွန်းရောက် လွန်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ဘယ်လိုစိတ်ကူးနဲ့များ ဒီလိုအမိန့်တွေထုတ်ကြလဲမသိဘူး တကယ်စိတ် ပျက်ဖို့ကောင်းပါတယ်” ဟု ချင်းအမျိုးသားတစ်ဦးကပြောသည်။

