(004SS)
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဆွောန်ဇန် ကျေးရွာ၏ စပါးခင်းအောက်ဘက်ရှိ မဏိပူရမြစ်ကမ်းနားတွင် အမည်မသိ အမျိုး သားတစ်ဦး၏ ရုပ်အလောင်းကို ဒေသခံများက ယနေ့တွေ့ရှိခဲ့ကြသည်။
“ဆွောန်ဇန်စပါးခင်းအောက်က မြစ်ကမ်းနားမှာ လူသေအလောင်းတွေ့ရပါတယ်။ အမျိုးသားတစ်ဦးအလောင်းပါ။ ဦးရေပြား ကလဲ ကွာစပြုနေပြီ။ အလောင်းကတော့ ပျက်စီးနေပါပြီ” ဟု အလောင်းတွေ့ရှိသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုတွေ့ရှိထားသည့် ရုပ်အလောင်းနှင့် ပတ်သက်၍ မိသားစုဝင်များ၊ ဆွေမျိုးတော်စပ်သူများ ရှိပါက ဆက်သွယ်နိုင်ရန် ကျေးရွာဒေသခံများက အသိပေးနှိုးဆော်ထားသည်။
မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်အထိ ဆွေမျိုးများ လာရောက်ဆက်သွယ်ခြင်း မရှိပါက ရုပ်အလောင်းကို ဆွောန်ဇန် ရွာသားများ၏ အစီစဉ်အတိုင်း သဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။
နီးစပ်ရာ ပတ်ဝန်းကျင်၊ အိမ်နီးနားချင်းများ သို့မဟုတ် မိတ်ဆွေများအကြား လူပျောက်ဆုံးနေသူများရှိပါက အမြန်ဆုံး အကြောင်းကြား ဆက်သွယ်ပေးကြပါရန်လည်း တိုက်တွန်းထားသည်။
သေဆုံးသူမှာ စက်တင်ဘာလ ၁၃ ရက်နေ့က PDF -Zoland အချုပ်စခန်းမှ ထွက်ပြေးသွားကြသည့် စစ်သုံ့ပန်းများထဲက ဖြစ်နိုင်ကြောင်း ထင်ကြေးပေးတာမျိုးလည်းရှိနေသည်။

