(004SS)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၇ သိန်းခွဲကျော်ကို ချင်းအမျိုးသမီးတစ်ဦး၏ နေအိမ်အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စက်တင်ဘာလ ၁၅ ရက် ည ၁၀ နာရီခန့်တွင် ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ မညန်ရှန်းဝုန် သို့မဟုတ် ဝုန်ပီး (ခ) ချင်းမ ၏ နေအိမ်ကို ဝင်ရောက်ရှာ ဖွေခဲ့ခြင်းဖြစ်သည်။
ထိုသို့ ရှာဖွေရာမှ နေအိမ်အတွင်း ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် ၃၇ နှစ်အရွယ် ချင်းအမျိုးသမီး မညန်ရှန်းဝုန် အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေး ယူထားပြီး ပါဝင်ပတ်သက်သည့် ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း CCDAC ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ၂၀၂၆၊ ၉ လတာကာလအတွင်း ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ဖြစ်စဉ်ပေါင်း ၁၀ ခုထက် မနည်း ရှိခဲ့သည်။
ကလေးမြို့သည် မြေပြန့်နှင့် တောင်ပေါ်ဒေသကို ဆက်သွယ်ပေးသည့် လမ်းဆုံလမ်းခွ ဖြစ်သလို အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့သို့ ဆက်သွယ်ရာ အဓိကကျသည့် မြို့ဖြစ်သောကြောင့် မူးယစ်ဆေးဝါး သယ်ယူပို့ဆောင် ရောင်းချရာတွင် အချက်အချာကျသည့် မြို့တစ်မြို့ ဖြစ်သည်။
ယခင်ကလည်း မူးယစ်ဆေးဝါး သယ်ယူရောင်းချမှုများ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံများ အလုပ်လက်မဲ့ဦးရေ တိုးပွားလာသည်နှင့်အမျှ မူးယစ်ဆေးဝါးရောင်းဝယ်သည့် လုပ်ငန်းများတွင် ပါဝင်လုပ် ကိုင်လာသူ သိသိသာသာ များပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

