(002MG)
ချင်းပြည်နယ် ဖလမ်း-ဟားခါးကားလမ်းမပေါ်တွင် သားအမိ ၃ ဦး နှင့် သုံးဘီးယာဉ်မောင်းတစ်ဦးတို့ သေနတ်ဒဏ် ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတမှုရှိစေရေးကြိုးပမ်းဆောင်ရွက်မည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က ယနေ့တွင်သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၃၁)ရက်နေ့က ဟားခါးမြို့မှ ဖလမ်းမြို့သို့ သုံးဘီးယာဉ်ဖြင့် ပြန်လာကြသည့် Nu Hrang Cer Thluai (အသက် ၄၃ နှစ်)၊ Mai Cer Sin Mawi (အသက် ၁၆ နှစ်)၊ Mai Noel Pan Chang (အသက် ၉ နှစ်) တို့ သားအမိ(၃)ဦးနှင့် ယာဉ်မောင်းကိုအောင်ကျော်ထွေး (ခ) အောင်လေး (အသက် ၃၅ နှစ်)တို့သည် ဖလမ်းမြို့နယ်၊ Rialti ကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည်ကို နိုဝင်ဘာလ (၁)ရက်နေ့က တွေ့ရှိခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အမျိုးမျိုးဝေဖန်စွပ်စွဲပြောဆိုမှုများထွက်ပေါ်နေချိန်တွင် ဖလမ်းမြို့နယ်မှာအခြေစိုက်လှုပ်ရှားနေသည့် CNO/CNDF က ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် မိခင်(၁)ဦး၊ အရွယ်မရောက်သေးသည့် ကလေးငယ်(၂)ဦးနှင့် အမျိုးသား(၁)ဦးတို့၏ အသက်ဆုံးရှုံးခဲ့ရခြင်းသည် မိသားစုဝင်များအတွက်သာမက ဆွေမျိုးသားချင်းများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရ ကြောင်း၊ ကျန်ရစ်ခဲ့ရသည့် မိသားစုဝင်များ၏ နာကျင်မှုနှင့် ဆုံးရှုံးမှုများအတွက် အလေးအနက် စာနာထောက်ထား ကြောင်း CNO/CNDF ကပြောသည်။
အခင်းဖြစ်ပွားရာနေရာသည် အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအချိန်တွင် CNO/CNDF တပ်ဖွဲ့ဝင်များ တပ်စွဲထား သောနေရာမဟုတ်သော်လည်း အပြစ်မဲ့ပြည်သူများ၏ အသက်ဆုံးရှုံးမှုအပေါ် တရားမျှတမှုရှိရေးအတွက် မိမိတို့ အနေဖြင့် လျစ်လျူရှုထားမည်မဟုတ်ကြောင်းလည်း ဖော်ပြသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များကို ဘက်လိုက်မှုကင်းစွာ စိစစ်စစ်ဆေးပြီး ဖြစ်စဉ်မှန် ပေါ်ပေါက် ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမှ ကျူးလွန်သည်ဖြစ်စေ ခြွင်းချက်မရှိ ဖော်ထုတ်နိုင်ရေး၊ တာဝန်ခံမှုရှိ စေရေးနှင့် ဥပဒေနှင့်အညီ တရားမျှတမှု ရှိစေရေးအတွက် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟုဆိုသည်။
CNO/CNDF အနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနှင့် လူ့အသက်အိုးအိမ်ကို ထိခိုက် စေသည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို လက်ခံမည်မဟုတ်သကဲ့သို့ မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ဘက်လိုက်မှုမရှိဘဲ အမှန်တရားပေါ်ပေါက်ရေးနှင့် တရားမျှတမှုရရှိရေးကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

