(006SV)
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ)၊ စစ်တိုင်းမှူး အပါအဝင် စစ်အရာရှိ ၉ ဦးတို့ကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုတို့ဖြင့် တရားစွဲဆိုတိုင်ကြားမှုကို ဖိလစ်ပိုင် တရားရုံးက လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်းခဲ့ကြောင်း မင်းအောင်လှိုင်အပါအဝင် စစ်အရာရှိ ၁၀ ဦးတို့ကို ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၃ ခုနှစ်ကတရားစွဲတိုင်ကြားထားမှုကို ယနေ့ နိုဝင်ဘာလ ၃ ရက်မှာ အယူခံထပ်တင်ခဲ့ရာမှာ ဖိလစ်ပိုင်းတရားရုံးက အမှုတွဲ နံပါတ်များဖြင့် အမှုဖွင့်လက်ခံခဲ့ခြင်းဖြစ်သည်။
“အခု ကျနော် အရမ်း ဝမ်းသာတာပေါ့နော်။ အခု ဒီအယူခံဝင်မှု တင်သွင်းတဲ့အခါမှာ တရားရုံးကနေ အမှုတွဲ နံပါတ်ကို ပေးထားတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ဒီ တရားရုံးကနေ ကျနော်တို့ရဲ့ အခုတင်တဲ့ အမှုတွေကို သူတို့ရဲ့ နည်းဥပဒေအတိုင်း ကျနော်တို့ရဲ့ တရားစွဲဆိုမှုကို ဆောင်ရွက်ပေးလိမ့်မယ်ဆိုတဲ့ဟာကို ကျနော်တို့ ယုံကြည်ထားတယ်ပေါ့နော်။ အရင်တုန်းကတော့ ဒီလို အမှုတွဲနံပါတ်ကိုလည်း မပေးခဲ့ဘူးပေါ့နော်။ ဒီတစ်ခါ အယူခံဝင်တဲ့အခါမှာတော့ တရားရုံးကလည်း ဒီအမှုတွဲနံပါတ်ကိုပါ ပေးတဲ့အတွက်ကြောင့်လည်း ကျနော်တို့ ဒီဟာလေးအပေါ်မှာလည်း တိုးတက်မှုတစ်ခုလို့ ကျနော် ယူဆတယ်” ဟု ချင်းလူ့ အခွင့်အရေးအဖွဲ့ (CHRO)၏ စီမံအရာရှိ ဆလိုင်းမာန်ဟဲလျန်က ပြောသည်။
အမှုဖွင့်တရားစွဲဆိုမှုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလက ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် အာဏာသိမ်းစစ်တပ်က ဒေသခံ ပြည်သူများကို သတ်ဖြတ်မှုများ၊ နေအိမ်များကို အစုအပြုံလိုက် မီးရှို့ဖျက်ဆီးမှုများဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တရားရုံးမှာ တိုင်ကြားလာခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုကို CHRO နှင့် နစ်နာခဲ့သူ ၅ ဦးတို့က တရားလို ပြုလုပ်၍ ၂၀၂၃ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ၊ တရားရေးဌာနကို တိုင်ကြားခဲ့ပြီး တရားရေးဌာနက သက်ဆိုင်ရာ တရားရုံးကို လွှဲပြောင်းပေးခြင်း မရှိခဲ့ဘဲ ပယ်ချခဲ့ကြောင်း၊ နှစ်ကြိမ်တိုင်တိုင် တရားရေးဌာနကို အယူခံ ဝင်ခဲ့သော်လည်း မရခဲ့ဘဲ ယခု ၃ နှစ်ရှိလာချိန်မှ တရားရုံးက လက်ခံခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်နှင့် စစ်တပ်အရာရှိ ၉ ဦးတို့ကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို သက်သေအထောက်အထား ခိုင်ခိုင်မာမာဖြင့် အမှုဖွင့် တရားစွဲဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်ပေါ့နော်၊ ပြီးရင်တော့ ချင်းပြည်နယ်ကို ကွပ်ကဲတဲ့ ကစထ မှူးပေါ့နော်။ ပြီးရင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က အမိန့်ပေးတဲ့ သူ၊ ပြီးရင် ဟားခါးမှာ ထန်တလန်ကို ကွပ်ကဲတဲ့ ဗိုလ်မှူးတွေ၊ တပ်ရင်းမှူးတွေလည်း ပါတယ်ပေါ့နော်။ သူတို့ရဲ့ ကျူးလွန်မှု အဆင့်ဆင့် တာဝန်ယူ တာဝန်ခံမှုကို သူတို့အနေနဲ့ ပါဝင်မှုကို ကျနော်တို့ ကောင်းကောင်း မှတ်တမ်းတင်ထားတယ်။ ကျနော်တို့ အချက်အလက်တွေနဲ့တကွ ပေါ့နော်။ ဒီလို ပုဂ္ဂိုလ် ၁၀ ယောက်ကို ကျနော်တို့က အချက်အလက်တွေ ရှိတဲ့အတွက်ကြောင့် သူတို့ကို ပစ်မှတ်ထားပြီးတော့ ဒီ ထန်တလန်ရဲ့ အခု စစ်ရာဇဝတ်မှုရော၊ လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်မှုအပေါ်မှာ သူတို့ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ စီမံအရာရှိ ဆလိုင်းမာန်ဟဲလျန်က ပြောသည်။
ချင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော စစ်တပ်ခေါင်းဆောင်များကို ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံတကာ လူသားချင်းစာနာ ထောက် ထားမှုဆိုင်ရာ ဥပဒေကို အသုံးပြုပြီး စုံစမ်းစစ်ဆေးဖော်ထုတ်၍ အရေးယူနိုင်ရန် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု CHRO ထံမှ သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိများနှင့် အပေါင်းအပါများကို စစ်ရာဇဝတ်မှု စွပ်စွဲချက်များဖြင့် ဖိလစ်ပိုင်အပြင် အင်ဒိုနီးရှား၊ အရှေ့တီမော၊ အာဂျင်တီးနားနှင့် ဒိန်းမတ်နိုင်ငံများတွင် တရားစွဲဆိုခြင်း၊ အမှုဖွင့်တိုင်းကြားခြင်းများ ရှိနေသည်။

